ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

ပဲခူးတိုင်းတွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် Drone ဖြင့် ဗုံးကြဲချမှုများကြောင့် ကျေးရွာ ၁၁ ရွာခန့် စစ်ဘေးရှောင်နေကြရဟု KNU ဗဟိုပြော


  • ရေးသူ: Web Master (NN 25)
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 978

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူး (မုန်း)မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် Drone ဖြင့် ဗုံးကြဲချမှုများကြောင့်ကျေးရွာ ၁၁ ရွာခန့်မှ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်းကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟိုက သြဂုတ်လ ၂၀ ရက်၊ ညပိုင်းကထုတ်ပြန်ထားကြောင်း သိရသည်။

စစ်ကောင်စီ၏ လက်နက်များ ပစ်ခတ်မှုကြောင့် မူး (မုန်း)မြို့နယ်ထဲက နောင်ဘိုကျေးရွာ၊ လက်တက်ကြီးကျေးရွာ၊ ငတိုးခင် ကျေးရွာ၊ ခင်နောက်မီးကျေးရွာ၊ ရေပြာကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ သစ်ဖြူဆိတ်ကျေးရွာ၊ ဇလုပ်ကြီး ကျေးရွာ၊ လှေဒိုးကျေးရွာ၊ သနပ်ကွင်းကျေးရွာ၊ ညောင်ခြေထောက်ကျေးရွာတို့မှ ဒေသခံများ တိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါမြို့နယ်အတွင်းရှိ သစ်ဖြူဆိပ် ကျေးရွာသို့ စစ်ကောင်စီတပ် ခမရ ၃၀၇ သည် သြဂုတ်လ ၁၉ ရက်၊ နံနက်ပိုင်းတွင် တောကျွဲအင်းကျေးရွာမှနေ၍ Drone ဗုံးများ ကြဲချခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ Drone ဗုံးကြောင့် သစ်ဖြူဆိပ်ကျေးရွာမှ ကိုမင်းစိုးဆိုသူ၏ နေအိမ်ပေါ် ကျရောက် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ယင်းနေ့ ညနေ (၃)နာရီတွင် ခမရ ၄၃၉ မှ ၁၂၀ မမ လက်နက်ကြီးဖြင့် လက်တက်ကြီးကျေးရွာဘက်သို့ ပစ်ခတ်မှုများပြုလုပ်ခဲ့၍ ဒေသခံအမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသခံ အချို့က ပြောသည်။

ရေပြာကျေးရွာက ဒေသခံတစ်ဦးကဒီဘက် စစ်ကြောင်း လာရှောင်နေကြရတာပေါ့။ လက်တက်ကြီးက ၂ ယောက်ထိ တယ်တော့ကြားတယ်။ အခုထိတော့ ဒီဘက်မှာပဲရှိသေးတယ်”ဟု  ပြောသည်။


စစ်ကောင်စီ၏ လက်နက်များ၊ Drone များဖြင့် ဗုံးကြဲမှုများကြောင့် သြဂုတ် ၁၉ ရက်ကတည်းက ကျေးရွာ ဒေသခံများသည် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းသို့ စစ်ဘေးရှောင်နေခဲ့ကြရကြောင်း အထက်ပါ ဒေသခံ က ပြောသည်။


ဓာတ်ပုံ − စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးမှုများနှင့် စစ်ဘေးရှောင်များ (KNU – ဗဟို)

 


ဆက်စပ် သတင်းများ