စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ယာယီခရီးသွားလာခွင့်ကတ်ဖြင့် ထိုင်းနိုင်ထဲ ဝင်လာသူ အမျိုးသမီး ၃ ဦးအပါအဝင် မြန်မာလုပ်သား ၇ ဦး အဖမ်းခံရ


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 771

ကော့သောင်းမြို့မှ (Border Pass) နယ်စပ်ယာယီသွားလာခွင့်ကတ်ဖြင့် ဝင်ရောက်လာသည့် အမျိုးသမီး ၃ ဦးပါဝင်သော မြန်မာရွှေ့ပြောင်းအလုပ်သမား ၇ ဦးကို ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ထဲ၌ ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

၎င်းတို့ကို တရားမဝင် ဝင်ရောက်လာ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း  ဖမ်းဆီးခံရသူများတွင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးပါဝင်ကြောင်း  ရနောင်းအခြေစိုက် အမှတ် ၂၅ ခြေမြန်တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂ ရက်၊ ညနေ ၆ နာရီခန့်က ရနောင်းခရိုင်၊ စူခ်ဆမ်ရာမြို့၊ နာခါရွာအုပ်စု (၁) ၌ ဖန်ငခရိုင် ဖက်သို့ ဦးတည်မောင်းနှင်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇ ဦးတို့ လိုက်ပါလာသည့်ကားကို ထိုင်းအာဏာပိုင်များက စစ်ဆေးရာ သူတို့ ၇ ဦးကို ယာဉ်မောင်း အမျိုးသမီးတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


သူတို့ကို စစ်ဆေးကြည့်ရာ ၎င်းတို့သည် မြန်မာနိုင်ငံဖက်အခြမ်း ကော့သောင်းမြို့မှ (Border Pass) နယ်စပ်ယာယီသွားလာခွင့်ကတ်သာ တင်ပြနိုင်ခဲ့သည်ဟု သိရသည်။

ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၈၀၀၀ စီပေးခဲ့ရသည်ဟု မြန်မာအလုပ်သမားများက ထွက်ဆိုခဲ့ပြီး ခေါ်ဆောင်လာသူ ယာဉ်မောင်းအမျိုးသမီးကလည်း ပို့ဆောင်ခအဖြစ် တစ်ဦးလျှင် ဘတ် ၁၅၀၀ စီ ရရှိခဲ့ ကြောင်း ထွက်ဆိုထားသည်။

ဖမ်းဆီးမိသူအားလုံတို့ကို ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် စူခ်ဆမ်ရာ ရဲစခန်းသို့ ပို့ဆောင် ထားကြောင်း အမှတ် ၂၅ ခြေမြန်တပ်ဖွဲ့က ဖော်ပြထားသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှာပဲ ရနောင်းခရိုင်ထဲတွင် တရားမဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၀ နီးပါးအထိ အဖမ်းခံခဲ့ရကြောင်းလည်း အမှတ် ၂၅ ခြေမြန်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

Photo - အမှတ် ၂၅ ခြေမြန်တပ်ဖွဲ့

ဆက်စပ် သတင်းများ