သောကြာ၊ ဇွန်လ ၁၄ရက်၊ ၂၀၂၄

စစ်တွေတွင် သတင်းယူနေစဥ် အဖမ်းခံခဲ့ရသည့် Myanmar Now သတင်းထောက် ကိုစိုင်းဇော်သိုက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရ


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၀၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်မှ မိုခါမုန်တိုင်းဒဏ်သင့်အခြေအနေများကို သတင်းမှတ်တမ်းယူနေစဥ် အဖမ်းခံလိုက်ရသည့် Myanmar Now သတင်းဌာန ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်သည် အင်းစိန်ထောင်တွင်း တရားရုံး၏ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံလိုက်ရကြောင်း သိရသည်။

အသက် ၄၀ အရွယ်ရှိ ကိုစိုင်းဇော်သိုက်သည် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က မိုခါမုန်တိုင်း ဒဏ်သင့်ခဲ့သည့် အခြေအနေများကို သတင်းမှတ်တမ်း ယူနေရင်း စစ်တွေမြို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

အဖမ်းခံခဲ့ရပြီး ၃ လအကြာ စက်တင်ဘာလ ၆ ရက်တွင် အင်းစိန်ထောင်တွင်းတရားရုံး (စစ်ခုံရုံး)က ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ထိတ်လန့်စေမှု)၊ ဆူပူအောင် လှုံ့ဆော်မှုဆိုင် ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့နှင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ကြောင်း Myanmar Now သတင်းဌာနက ဖော်ပြထားသည်။

Myanmar Now အယ်ဒီတာချုပ် ဦးဆွေဝင်းက "အခုလို ကိုစိုင်း ထောင်ဒဏ်နှစ်ရှည်ကြီး ချမှတ်တာ ကြားရတဲ့အတွက် ကျွန်တော်နဲ့ Myanmar Now အဖွဲ့သားများအားလုံး စိတ်ထိခိုက် ကြေကွဲရပါတယ်။ သူဟာ ကျွန်တော်တို့နဲ့အတူ ၂၀၁၇ ကတည်းက လက်တွဲပြီးအလုပ်လုပ်နေခဲ့သူပါ။ ကျွန်တော်တို့အဖွဲ့က ရေးသားခဲ့တဲ့ အရေးကြီးတဲ့သတင်းတွေမှန်သမျှမှာ ကိုစိုင်းဟာ အသက်အန္တရာယ်ကို မငဲ့ဘဲ အမြဲပဲ ရှေ့တန်းကနေ သတင်းယူနေတဲ့သူပါ" ဟု ပြောကြားသည်။

ကိုစိုင်းဇော်သိုက်တွင် စစ်ကောင်စီ၏အမိန့်ချမှတ်ခံရမှုနှင့်ပတ်သက်ပြီး ရှေ့နေငှားရမ်းခွင့်၊ ခုခံချေပခွင့်မရဘဲ မိသားစုနှင့်ပင် တွေ့ဆုံခွင့်မရခဲ့ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့က Myanmar Now သတင်းဌာနကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီး အယ်ဒီတာချုပ် ဦးဆွေဝင်းနှင့် အယ်ဒီတာတစ်ချို့တို့လည်း တရားစွဲခံထား ရကာ ၎င်းတို့၏နေအိမ်များလည်း ချိတ်ပိတ်ခံထားရကြောင်း Myanmar Now ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်မြို့၊ မြေနီကုန်း၌ စစ်တပ် အာဏာ သိမ်းတာကို လူထုက ဆန္ဒပြနေကြရာ Myanmar Now သတင်းထောက် မကေဇွန်နွေးသည် သတင်းယူနေစဥ် အဖမ်းခံခဲ့ရကြောင်း သိရသည်။

မကေဇွန်နွေးသည် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နှင့် တရားစွဲခံခဲ့ရပြီး အင်းစိန်ထောင်ထဲ၌ လေးလကျော်ကြာ ချုပ်နှောင်ခံခဲ့ရပြီး ပြန်လွတ်လာခဲ့ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်ပေါင်း ၁၅၀ ကျော် အဖမ်းခံခဲ့ရပြီး လက်ရှိ ထောင်ထဲတွင် သတင်းထောက် ၅၀ ခန့် အကျဉ်းကျခံနေကြရသေးကြောင်း Detained Journalists Group ၏ ပြုစုထားသည့်စာရင်းများအရ သိရသည်။

Photo - Myanmar Now



ဆက်စပ် သတင်းများ