ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်သားများ အကြမ်းဖက်စစ်တပ်ကို စွန့်ခွာပြီး အမှန်တရားဘက်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ကြရန် NUG ယာယီသမ္မတ ဒူဝါလရှီလ တိုက်တွန်း


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၀၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 806

အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအနေဖြင့် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာပြီး အမှန်တရားဘက်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ကြရန် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ယာယီသမ္မတ ဒူဝါလရှီက တိုက်တွန်းလိုက်သည်။

ယာယီသမ္မတ ဒူဝါလရှီလက “မင်းအောင်လှိုင်နဲ့တကွ အပေါင်းအပါတစ်စု၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်ပြီး ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ်ကို ဖျက်ဆီးနေကြတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ လက်ကိုင်တုတ်အဖြစ်မခံဘဲ အခြေနေအမှန်ကို လက်တွေ့ကျကျ ရှုမြင်ကာ အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကြပါ။ ပြည်သူ့ထံမှာ အလင်းဝင်ပြီး ဂုဏ်သိက္ခာရှိစွာ ရပ်တည်ကြပါ”ဟု ပြောသည်။

ယနေ့ စက်တင်ဘာလ ၇ ရက်တွင် ပြည့်မြောက်သည့် ပြည်သူ့ခုခံတော်လှန်စစ် (၂) နှစ်ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ယခုကဲ့သို့ ထည့်သွင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် တော်လှန်ရေး အမြန်ဆုံးအောင်မြင်ရန်အတွက် ပြည်သူများ အနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုက်သည်။



“ငွေကြေးတတ်နိုင်သူတွေအနေနဲ့ ငွေကြေး၊ ငွေကြေး မတတ်နိုင်တဲ့သူတွေ အနေနဲ့လည်း သတင်းအချက်အလက်များ ပံ့ပိုးကူညီတာ၊ စစ်တပ်ပိုင် ပစ္စည်းတွေကို ဆန့်ကျင်တာ၊ စစ်တပ်ပိုင် ပစ္စည်းတွေကို အသုံးမပြုတာ စတဲ့ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ တော်လှန်ရေးကို ပံ့ပိုးကူညီကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဆိုသည်။

ခုခံတော်လှန်စစ် (၂) နှစ်တာကာလအတွင်း လက်နက်ငယ်၊ လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်ပစ် စစ်သေနတ်ကြီးများကို စစ်ရေးဆိုင်ရာ မဟာဗျူဟာနှင့်အညီ ဒေသအလိုက် အတိုင်းအတာတခုထိ တပ်ဆင်နိုင်ခဲ့သည်ဟုလည်း ပြောသည်။

၂ နှစ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၉၉၀၀ ခန့်ဖြစ်ပွားခဲ့ကာ ရန်သူ့တပ်သား ၃၀၀၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့သည်ဟုလည်း NUG ကာကွယ်ရေး ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး အဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၃၂၃၅ ဦးနှင့် ရဲတပ်သား ၁၀၅၃၆ ဦး တော်လှန်ရေး ဘက်သို့ ကူးပြောင်းခဲ့ပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူပေးသည်ကိုစားပြီး ပြည်သူ့ဘဏ္ဍာကို အသုံးပြုနေသည့် စစ်ကောင်စီအနေနှင့်လည်း ပြည်သူများကို ကြမ်းဖက်နေသည့် လုပ်ရပ်များအား ရပ်တန့်ကြပါဟု ယာယီသမ္မတ ဒူဝါလရှီလက သူ့မိန်းခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

 

ဆက်စပ် သတင်းများ