ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ် အထူးစိုးရိမ်မိကြောင်း NLD ထုတ်ပြန်၊ စစ်ကောင်စီ၌ တာဝန်ရှိကြောင်းဆို


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 624

စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခြင်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်ခွင့်မရဖြစ်နေသည့်အတွက် အသက်အန္တရာယ် ထိခိုက်မှုဖြစ်ပေါ်လာပါက စစ်ကောင်စီတွင် လုံးဝတာဝန်ရှိကြောင်း NLD ပါတီ ဗဟို အလုပ်ကော်မတီက စက်တင်ဘာလ ၁၄ ရက် ယနေ့နံနက်ပိုင်းက ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြသည်။

အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်သည့်    ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်ရက်ပိုင်းက သွားဖုံးရောင်ဝေဒနာ ခံစားခဲ့ရသည်ကို စနစ် တကျကုသခွင့် မရခဲ့သည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာ၊ နေရာထိုင်ခင်းတို့ သင့်တင့် မျှတအောင် ဆောင်ရွက်ပေးမထားဘဲ အသက်အန္တရာယ်ရှိစေဖို့ ရည်ရွယ်ဖန်တီးထားသည့်အတွက် အထူး ပင်စိုးရိမ်ပူပန်မိပါကြောင်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုသည့် သတင်းများကြောင့် ပါတီအနေနဲ့ အထူးစိုး ရိမ်ပြီး နိုင်ငံတကာကလည်း ဖိအားပေးနိုင်မယ့်နည်းလမ်းတွေ ဝိုင်းဝန်းလုပ်ပေးကြဖို့လိုမယ်လို့ NLD ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးဘိုဘိုဦးက နိရဉ္စရာ ကို ပြောသည်။

"လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပကမ္ဘာနဲ့အဆက်အသွယ်ဖြတ်ထားတယ်။ မိသား စုဝင်တွေနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး ကျန်းမာရေး မကောင်းဘူးဆိုတဲ့ အချက်အလက်တွေလည်းပေါ့နော်။ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတာနဲ့ပတ်သက်ပြီးတော့ ပါတီအနေနဲ့ အရမ်းကိုစိုးရမ်ပါတယ်။ နိုင်ငံတကာအနေနဲ့ တတ်နိုင်သရွှေ့တော့ ဝိုင်းဝန်းပံ့ပိုးနေတယ်ဆိုတာ ပါတီ အနေနဲ့ ယုံကြည်ပါတယ်။ ဒီထက်ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်နိုင်မယ့်နည်းလမ်းများကို ဝိုင်း ဝန်းပြီးတော့ ဖိအားပေးနိုင်ဖို့အတွက်ကို လိုလားပါတယ်ခင်ဗျာ။"

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို ကြားခံတစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို နိုင်ငံရေး အကျဉ်းသားတစ်ဦး၏ ရပိုင်ခွင့် အခွင့်အရေးများကိုတောင် မပေးဘဲ လျှို့ဝှက်သည့်နေရာတစ်ခု၌ ဖမ်းဆီး ချုပ်နှောင်ထားသည်လို့လည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံး ခြွင်းချက်မရှိ လွတ်မြောက်စေဖို့ ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံအသိုက်အဝန်းနှင့် အိမ်နီးချင်းနိုင်ငံများမှ ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုများကလည်း ဝန်းရံတိုက်တွန်းပေးကြပါဖို့ NLD က အ‌လေးအနက်တောင်းဆို မေတ္တာရပ်ခံအပ်သည်စုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲခဲ့သည့်အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ် အမိန့်ချခံလိုက်ရပြီး ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက အမှုငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်း သက်သာခွင့်ရခဲ့သည့်အတွက် နောက်ထပ်ထောင်ဒဏ် ၂၇ နှစ် ဆက်လက် ကျခံနေရဖို့ ရှိနေသေး ကြောင်း သိရသည်။

Photo -  Burma link

--------

ဆက်စပ် သတင်းများ