သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၁၃ ဦးဖမ်းဆီးဟု ထိုင်းရဲထုတ်ပြန်


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 874

ထိုင်းနိုင်ငံ အန်ထောခရိုင် မင်အ်မြို့၌ ပစ်ကပ်ကားတစ်စီးနှင့်လိုက်ပါလာသော အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃ ဦးတို့ကို ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးလိုက်သည်ဟု Police TV သတင်းမီဒီယာက ဖော်ပြထားသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က ဒေသခံအာဏာပိုင်များက အန်ထောခရိုင်၊ မင်အ် မြို့၊ ဆာလာဒဲန်ရွာ၊ အုပ်စု ၇ လမ်းဘေးတနေရာတွင် ကားဘီးပေါက်နေသည့် ပစ်ကပ်ကားတစ်စီးကို စစ်ဆေးကြည့်ရာမှ အထောက်ထားမဲ့မြန်မာအလုပ်သမား ၁၃ ဦးတို့ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ကျား ၁၂ ဦး၊ မ ၁ ဦး တို့လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်အတူ ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ၄င်းတို့သည် ကမ်ဖဲဖေ့ချ်မှ အယုဒ္ဓယမြို့သို့ သွားကြသူများဖြစ်ကြောင်း သိရသည်။

"သူတို့က လမ်းမှာအဆင့်ဆင့်သွားရင်းကနေ အဖမ်းခံရတာ။ အလုပ်ရမယ့်နေရာ အယုဒ္ဓယအထိကို လမ်း ကြောင်းအခြေအနေကြည့်ပြီး သွားကြရင်းကနေ အဖမ်းခံထိတာ။ နောက်ဆုံးတော့ ပွဲစားတွေပဲ အဆင် ပြေကြတာ" ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီပေးနေသူတစ်ဦးက ပြောသည်။

မြန်မာအလုပ်သမားတစ်ဦးလျှင် ဘတ် ၁၀၀၀ နှင့် ပို့ဆောင်ပေးရမည်ဖြစ်ပြီး အရင်ကလည်း ၃ ကြိမ် ပို့ ဆောင်ခဲ့ဖူးကြောင်း ယာဉ်မောင်းက ထွက်ဆိုထားသလို မြန်မာအလုပ်သမား၏ထွက်ဆိုချက်အရ ပွဲစား ကို တစ်ဦးလျှင် ဘတ် ၁၅၀၀၀ အထိ ပေးခဲ့ရကြောင်း သိရသည်။

၎င်းတို့အားလုံးကို ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ  ဖမ်းဆီးခဲ့သည့် ထိုင်းအာဏာပိုင်များက အန်ထောမြို့ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ၈ လကျော်အတွင်း ထိုင်းနိုင်ငံထဲသို့ တရားမဝင်ရောက်လာရင်းမှ အဖမ်းခံလိုက်ရသည့် ရွှေ့ ပြောင်းမြန်မာအလုပ်သမား စုစုပေါင်း ၁ သောင်းကျော်ရှိပြီဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်များကို ပြုစုထားသည့် စာရင်းများအရ သိရသည်။

Photo- Police TV

ဆက်စပ် သတင်းများ