တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အိန္ဒိယက ကမ္ဘာ့ဈေးကွက်ထဲ ဆန်ရောင်းချမှု ကန့်သတ်လိုက်ခြင်းကြောင့် ထိပ်တန်းဆန်တင်ပို့သည့် ထိုင်း၊ဗီယက်နမ်အပါအဝင် မြန်မာဆန်ဈေးနှုန်းများ မြင့်တက်လာ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k


အိန္ဒိယနိုင်ငံမှ ကမ္ဘာ့ဈေးကွက်ထဲ ဆန်ရောင်းချမှုကို ကန့်သတ်လိုက်ခြင်းကြောင့် ထိပ်တန်း ဆန်တင်ပို့သည့် နိုင်ငံများဖြစ်ကြသည့် ထိုင်းနှင့် ဗီယက်နမ်အပါအဝင် မြန်မာဆန်ဈေးနှုန်းများ မြင့်တက်လာခဲ့သည်ဟု သိရသည်။

 

ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ဆန်ကွဲပါဝင်မှု ၅ ရာခိုင်နှုန်းရှိသည့်  မြန်မာ့ဆန်ဖြူလုံးရှည် (၁)တန်မှာ  ဩဂုတ်လပိုင်းမှာ ၅၂၅ ကန်ဒေါ်လာသာ ဈေးရခဲ့သော်လည်း  စက်တင်ဘာ ၁၂ ရက်အထိ ဈေးသတ်မှတ်ချက်အတွင်း အမေရိကန်ဒေါ်လာ ၆၀၀ နီးပါးအထိ မြင့်တက်လာခဲ့သည်။

 

အခြားသော ဆန်ကွဲပါဝင်မှုနှုန်း ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းရှိသည့်  ကရင်မ၊ ဆင်းသုခ၊ ငစိန်/ရာကျော်၊ ထွန်းပု/ဗိုက်ဖြူ စသည့် ဆန်အမျိုးအစားများမှာ လည်း (၁)တန်ကို အနိမ့်ဆုံးဈေး ၅၃၅ ဒေါ်လာကနေ အမြင်ဆုံး ဒေါ်လာ ၆၄၀ အထိ ဈေးရရှိနေသည်ဟု သိရသည်။

 

မူဆယ်နယ်စပ်ကတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသည့် ဧည့်မထ၊ ငစိန်/ရာကျော်နှင့် ဆင်းသုခ အမျိုးအစားများမှာ ဆန်ကွဲပါဝင်မှုအပေါ် မူတည်ကာ (၁) တန် အမြင့်ဆုံးဈေး ယွမ် ၃၄၅၀ ကနေ ယခုအခါ ယွမ် ၃၆၀၀ အထိ ရောက်ရှိလာသည်ဟု သိရသည်။

 

ပြီးခဲ့သည့် မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်တွင် မြန်မာနိုင်ငံမှ ဆန်/ ဆန်ကွဲတန်ချိန် ၃ သိန်းကျော်၊ ၄ သိန်းနီးပါး တင်ပို့ထားပြီး  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့  ဆန်/ဆန်ကွဲ တန်ချိန် (၂.၅) သန်း ရောင်းချနိုင်ရန် ရည်မှန်းထားပြီး  ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ ရရှိရန် မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောဆိုထားသည်။



 

ပြည်ပနိုင်ငံများသို့  မြန်မာ့ဆန်တင်ပို့မှုက လေးလပတ်ကာလအတွင်း ၅၆ ရာခိုင်နှုန်း ကျဆင်း သွားခဲ့သော်လည်း အိန္ဒိယက ဆန်တင်ပို့မှုကို ရပ်ဆိုင်းလိုက်သဖြင့် မြန်မာဆန်တင်ပို့မှုမှ  နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိနိုင်ရန်   MRF ၏ မျှော်မှန်းချက် နီးကပ်လာစေသည်ဟု သုံးသပ်ထားသည်။

 

မြန်မာနိုင်ငံသည်  ဆန်များကို အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် အတွင်း အဓိကတင်ပို့ပြီး ၎င်း (၆) လသည်  ဆန်စပါးတင်ပို့ရန် အားအကောင်းဆုံး အချိန်ကာလ ဖြစ်သည်ဟု သိရသည်။

 

လယ်ယာစိုက်ပျိုးရေးကို အဓိက အားထားသည့် ရခိုင်ပြည်နယ်တွင်လည်း လက်ရှိဆန်စျေးမှာ တည်ငြိမ်နေသော်လည်း စပါးစျေးအနည်းမြင့်တက်နေသည်ဟု ဆိုသည်။

 

စစ်တွေ ဆန်စျေးကွက်တွင် ပေါ်ဆန်းမွှေးဆန် တစ်အိတ် ကျပ် ကိုးသောင်းမှ တစ်သိန်းထိ ရှိနေပြီး သီရိဒုံဆန်မှာ ကျပ် ခြောက်သောင်းခွဲက ကျပ် ခုနှစ်သောင်းထိ ရှိနေပြီး ရခိုင်ဒေသထွက် စာပသိဆန်မှာ တစ်အိတ် ကျပ်ရှစ်သောင်းခွဲ၊ ဆန်ကြီး ကျပ်ခုနှစ်သောင်းခွဲကနေ ရှစ်သောင်းအထိ ရှိနေသည်ဟု စစ်တွေမြို့ စွမ်းပကားဆန်အရောင်းဆိုင် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

“ ဆန်စျေးက သိပ်အရောင်းအဝယ် မလိုက်ဘူး။ ဆန်စျေးကျနေတာတော့ မဟုတ်ဘူး။ ဝယ်သူမရှိ ဖြစ်နေတာပါ။ စပါးစျေးလည်းတက်နေတော့ ဆန်စျေးကို ချပြီးရောင်းတဲ့သူလည်း မရှိဘူး။  ရှေ့မှာဘယ်လို ဖြစ်လာမလဲ ခန့်မှန်းလို့ မေသေးဘူး” ဟု ၎င်းက ပြောသည်။

 

လက်ရှိ နိုင်ငံတကာဆန်စျေးကွက်တွင် မြန်မာဆန်စျေးမြင့်တက်နေသဖြင့် ရခိုင်တွင်လည်း ယခုနှစ် စိုက်ပျိုးရာသီတွင် စပါးစျေး၊ ဆန်စျေးမြင့်တက်နိုင်သည်ဟု ခန့်မှန်းထားကြသည်။  

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကလည်း ယခုနှစ်တွင်  မြန်မာနိုင်ငံက ထွက်ရှိမည့်  စပါးများအပေါ် အမျိုးအစားအပေါ် မူတည်ကာ တင်း ၁၀၀ ကို အနိမ့်ဆုံး ကျပ် ၁၃ သိန်းကနေ အများဆုံး သိန်း ၂၀ အတွင်း ဈေးပေးဝယ်ယူရန် တိုက်တွန်းထားသည်။

 

ထိုသို့ တိုက်တွန်းရာတွင် စပါးတင်း ၁၀၀ အတွက် အမျိုးအစားအလိုက် ဧည့်မထ/ ငစိန်ကို ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်းကို ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်းကို ကျပ် ၁၈ သိန်းမှ သိန်း ၂၀ အတွင်း၊ ဧရာမင်းနဲ့ ဧရာပဒေသာစပါးကို ကျပ် ၁၆ သိန်းမှ ၁၈ အတွင်း ဈေးသတ်မှတ်ထားသည်ဟု ဆိုသည်။

 

တောင်သူများ ထိုက်သင့်သော အကျိုးအမြတ် ရရှိရန်၊  ကြိတ်ခွဲထုတ်လုပ် ရောင်းဝယ်သူများ အနေဖြင့်လည်း ထိုက်သင့်သည့် အကျိုးအမြတ် ရရှိရန်နှင့်  စားသုံးသူများလည်း ဝန်ထုတ်ဝန်ပိုးမဖြစ် စေသည့် ဆန်ဈေးနှုန်းဖြစ်စေရန် ရည်ရွယ်ထားသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ပြောဆိုသည်။

 

ယခု စပါးဈေးသတ်မှတ်ချက်မှာ တောင်သူများထံကနေ မဖြစ်မနေ ဝယ်ယူရမည့် ဈေးမဟုတ်ဘဲ ရည်ညွှန်းဈေးအောက် မရောက်ဖို့ MRF က ထုတ်ပြန်ခြင်းဖြစ်ပြီး တောင်သူ လယ်သမားများ မနစ်နာစေရန် အခြေခံသတ်မှတ်တဲ့ ဈေးဖြစ်သည်ဟု ပြောဆိုသည်။

 


REF- BETV Business News/ Photo- Myanmar Business directory 

ဆက်စပ် သတင်းများ