တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က ကလေးများစာသင်နေသည့် ဘုန်းကြီးကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် ၁၈ ဦးဒဏ်ရာရပြီး ယင်းအနက် ၆ ဦးပြင်းထန်ဟု NUG ထုတ်ပြန်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.6k

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာ ဘူတာရပ်ရှိ ကလေးငယ်များစာသင်ကြားနေသည့် ခန္တီသာရာမကျောင်းတိုက်ကို စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ(Howitzer) လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စာသင်နေသည့် ကလေး ၁၈ ဦး ဒဏ်ရာရရှိသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုး(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ခမရ ၁ဝ၂ က ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်၊ နေ့လယ် ၁၂ နာရီခွဲတွင် ဟောင်ဝစ်ဇာ(Howitzer) လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“ကလေးငယ်များ ပညာသင်ယူနေသည့် ဘုန်းတော်ကြီးကျောင်းကို အရပ်ဘက် စစ်ဘက် ခွဲခြားမှုမရှိ ကျိုးကြောင်းမဲ့ ယခုကဲ့သို့ ပစ်ခတ်မှုကြောင့် ပညာသင်ယူနေသော ကလေးငယ် (၁၈) ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့ ထဲမှ (၆) ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ကြီးကျည် ကျရောက်ချိန်သည် ဂျိုးထောင်ကျေးရွာမှ ကလေးငယ်များ ဘုန်းတော်ကြီးကျောင်း၌ ပညာသင်ယူနေချိန်ဖြစ်ကြောင်း သိရသည်။

ဤဖြစ်ရပ်သည် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စု၏ စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်း ထင်ရှားစွာ ပြသနေသည့် ဖြစ်ရပ်တခုပင်ဖြစ်သည်ဟုလည်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားသည်။

ဆက်စပ် သတင်းများ