ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်တော်လှန်ရေးတပ်ဖွဲ့တို့ ၅ ရက်ကြာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က အကျအဆုံးများဟု KNU ထုတ်ပြန်


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 760

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် တောင်ကြာအင်းရွာထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း ၃ ခုနှင့် ကရင်လက်နက်ကိုင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ၅ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက် ၃၀ ကျော် ကျဆုံးခဲ့သည်ဟု  KNU ဒူးပလာယာခရိုင် က စက်တင်ဘာလ ၂၈ ရက် ယနေ့ ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ စစ်ကောင်စီတပ် ခလရ (၂၃၀)၊ မခရ (၅၄၆)၊ ခလရ (၂၀၈) တပ်ရင်းတို့နှင့် တော်လှန်ရေး အင်အားစုများဖြစ်ကြသည့် KNU တပ်မဟာ (၆)၊ KNDO တပ်ရင်း (၆) နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် ၅ ရက်တာအတွင်း တိုက်ပွဲပေါင်း (၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ တပ်မှ (၃၂) ဦးသေဆုံးပြီး (၆) ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စကစ ဖက်က စစ်သည်အင်အားက တစ်နေ့တစ်ခြားလျော့လာနေတယ်။ ရှိတဲ့အင်အားတွေကလည်း စိတ်ဓာတ်ပိုင်းက ယိုယွင်းနေပြီ။  ခေါင်းဆောင်တွေကိုလည်း မယုံတော့ဘူး။ ရှေ့ဆက်တိုက်ပွဲတွေ စကစ တပ်တွေ ဘယ်အခြေအနေကောင်းနိုင်တော့မှာလဲဗျာ"ဟု CDM စစ်အရာရှိတစ်ဦးက သုံးသပ်ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း KNDO ကာကွယ်ရေးတပ်ဖွဲ့ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ (၂) ဦး ဒဏ်ရာ ရခဲ့ကြောင်းလည်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်ရင်း ၃ ရင်းတို့သည် စက်တင်ဘာလဆန်းပိုင်းမှစပြီး တောင်ကြာအင်းရွာထဲ ဝင်ရောက် တပ်စွဲထားကာ ဒေသခံရွာသားများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာထဲကို ဝင်ထွက်သွားလာခွင့်ပိတ်ထားကာ လူမရှိသည့်နေအိမ်များကို ဖောက်ထွင်းမွှေနှောက်ဖျက်ဆီးကာ ပစ္စည်းဥစ္စာများ ယူဆောင်ခြင်း၊ ဘုန်းကြီးကျောင်း မှ သာသနာပိုင် ပစ္စည်းများအား ခိုးယူခြင်း နှင့် အနီးပတ်ဝန်းကျင်ရွာများထဲသို့ လက်နက်ကြီးများဖြင့် နေ့စဉ် ရမ်းသမ်း ပစ်ခတ်နေကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က တောင်ကြာအင်းရွာစာသင်ကျောင်းထဲမှ စစ်ကောင်စီတပ်၏ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆန်သည် နောင်တလာရွာထဲ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

ကရင်ပြည်နယ်ထဲက တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖက်မှ ထိခိုက်သေဆုံးတာ များလာနေကြသလို စစ်ကောင်စီတပ်သားတစ်ချို့တို့လည်း ဘက်ပြောင်းအလင်းဝင်ရောက် လာနေကြသည်မှာ စက်တင်ဘာ တစ်လထဲ၌ ၅ ယောက်အထိ ရှိနေပြီဖြစ်ကြောင်း KNU ဗဟို၏ ထုတ်ပြန်ထားသည့် သတင်းများအရ သိရ သည်။ NN – 24

Photo - ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး

ဆက်စပ် သတင်းများ