(အတိုက်အခံများကိုပိုမိုထောက်လှမ်းမှုပြုရန် ရည်ရွယ်သည်ဟု ဝေဖန်သူများက ဆိုကြောင်းCNA က သတင်းဖော်ပြ)
“စီမံချက်အ၇အသက် ၁၀ နှစ်အထက် နိုင်ငံသားအားလုံး၏ ကိုယ်ရေးအချက်အလက်နှင့် ဇီ၀အချက်အလက်တို့ကိုကောက်ယူမည်ဖြစ်ပြီး စီမံချက်အကောင်အထည်ဖော်ရန်တရုတ်နိုင်ငံအား အကူအညီတောင်းထားဟု သိ၇”
မြန်မာစစ်ကောင်စီကနိုင်ငံတစ်ဝန်းရှိ မြို့နယ် ပေါင်း ၂၀ တွင် ရှေ့ပြေးသန်းခေါင်စာရင်းကောက်မှု စတင်တော့မည်ဖြစ်ကြောင်း အောက်တိုဘာ (၁)ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။
ယခုကဲ့သို့တစ်နိုင်ငံလုံး မငြိမ်မသက်ဖြစ်နေချိန်တွင် သန်းခေါင်စာရင်းကောက်ယူမှုမှာအတိုက်အခံများအား ပိုမိုထောက်လှမ်းမှုပြုရန်အတွက်သာ ဖြစ်သည်ဟု ဝေဖန်သူများကဆိုသည်။
စစ်ကောင်စီသည်၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ၂၀၂၀ရွေးကောက်ပွဲအတွင်း မဲမသမာမှုရှိသည်ဆိုသော မရေမရာမခိုင်လုံသည့် အကြောင်းပြချက်ဖြင့် အကြောင်းပြလေ့ရှိသည်။
စစ်ကောင်စီတာဝန်ရှိသူများကတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုကို ရွေးကောက်ပွဲမကျင်းပမီ အပြီးပြုလုပ်သွားမည်ဖြစ်ပြီး လာမည့် ရွေးကောက်ပွဲကို ၂၀၂၅ တွင် ကျင်းပမည်ဟုလည်းပြောဆိုနေသည်။
“အောက်တိုဘာလ ၁ ရက် မှ ၁၅ ရက်အတွင်းရွေးချယ်သတ်မှတ်ထားသည့် နေပြည်တော်အပါအဝင် ပြည်နယ် နှင့် တိုင်းဒေသကြီး မြို့နယ်၂၀ တွင် ရှေ့ပြေးသန်းခေါင်စာရင်း စတင်ကောက်ယူသွားမည်” ဖြစ်ကြောင်း စစ်ကောင်စီ၏ ကြေညာချက်တွင်ဖော်ပြထားသည်။
နေပြည်တော်ဟုဖော်ပြထားသော်လည်း မည်သည့်နေရာဟု အတိအကျ ဖော်ပြထားခြင်း မရှိပေ။
“ ယခုကောက်ယူမည့် မြို့နယ် ၂၀ သည် နမူနာ ဖြစ်သည်” ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏နိုင်ငံပိုင်သတင်းဌာနက ကရင်၊ ပဲခူး နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်ရှေ့ပြေးသန်းခေါင်စာရင်းကောက်ယူမှု စတင်နေပြီဟု ဖော်ပြသော်လည်း မည့်သည့်နေရာဟုအတိအကျ ဖော်ပြခြင်း မရှိပေ။ အဆိုပါဒေသများမှာပြီးခဲ့သည့်ရက်များအတွင်း ကပင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြားတိုက်ပွဲဖြစ်ပွါးခဲ့သည့်နေရာများဖြစ်သည်။
တစ်နိုင်ငံလုံးသန်းခေါင်စာရင်းကောက်ယူမှုကို ၂၀၂၄ တွင် ပြုလုပ်မည်ဟုလည်း စစ်ကောင်စီ၏ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုသန်းခေါင်စာရင်း ကောက်ယူမှုဖြင့်စစ်ကောင်စီသည် ၄င်းတို့၏ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသည့်ထောင်ပေါင်းများစွာသော အရပ်ဖက်ဝန်ထမ်းများ၊ ဆရာဝန်များ နှင့် ကျောင်းဆရာများကိုခြေလှမ်းတိုး ထောက်လှမ်းရန် ရည်ရွယ်သည်ဟု ဝေဖန်သူများက ဆိုသည်။
မြန်မာနိုင်ငံသည်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခများ ပိုမိုနက်ရှိုင်းကြီးထွားလာနေပြီးနေ့စဉ်နှင့်အမျှ ဗုံးပေါက်ကွဲမှု၊ တိုက်ခိုက်မှုများကြားတွင် အရပ်သားများနေထိုင်နေကြ၇သည်။
မြန်မာစစ်တပ်သည်နိုင်ငံ၏ ဒေသအချို့ကို အပြည့်အ၀ ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ကြောင်းလည်းဝန်ခံထားသည်။
ကုလသမဂ္ဂအစီရင်ခံစာအ၇အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မြန်မာပြည်သူ ၁ ဒဿမ ၆ သန်းနေရပ်စွန့်ခွါထွက်ပြေးနေ၇သည်ဟု ဆိုသည်။
စစ်ကောင်စီကကျင်းပမည့် မည်သည့်ရွေးကောက်ပွဲမဆို အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်လိမ့်မည်ဟုကုလသမဂ္ဂက ပြောကြားခဲ့ပြီး ရွေးကောက်ပွဲကြောင့် သွေးထွက်သံယိုမှုသာပိုမိုဖြစ်ပွါးလာမည်ဟု ဆိုသည်။
စစ်ကောင်စီ၏ကြေညာချက်တွင် ဖော်ပြမထားသော်လည်း အီလက်ထရွန်းနစ် မှတ်ပုံတင်စနစ်ကိုအကောင်အထည်ဖော်ရန် စစ်ကောင်စီ ဝန်ကြီးဌာနက စီစဉ်နေသည်ဟုလည်း သိ၇သည်။
အဆိုပါစီမံချက်အ၇အသက် ၁၀ နှစ်အထက် နိုင်ငံသားအားလုံး၏ ကိုယ်ရေးအချက်အလက်နှင့် ဇီ၀အချက်အလက်တို့ကိုကောက်ယူမည်ဟု ဆိုသည်။ စီမံချက်အကောင်အထည်ဖော်ရန်တရုတ်နိုင်ငံအား အကူအညီတောင်းထားသည်ဟုလည်း သိ၇သည်။
NN-27
ref:CNA