ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်တပ်တိုက်ခိုက်မှု စစ်ရာဇဝတ်မှုဟု KNU ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 580

(တော်လှန်ရေးအဖွဲ့များနှင့်ပေါင်းပြီး စစ်တပ်ကို အဖက်ဖက်ကဖိအားပေးမည်)

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်ကျေးရွာ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို အဖက်ဖက်ကဖိအားပေးသွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)ပြောခွင့်ရသူ ပဒိုစောကလယ်စေးက နိရဥ္စရာကိုပြောသည်။

လက်ရှိစစ်ကောင်စီသည် အခြေအနေဆိုးရွားလာပြီး မလုပ်သင့်မလုပ်အပ်သည့် လူသားချင်းစာနာမှုမရှိသောလုပ်ရပ်များကို လုပ်ဆောင်နေမှုအား တောက်လျှောက်မြင်တွေ့ရကာ စစ်ရာဇဝတ်မှုကျူးလွန်ရန် ဝန်မလေးခြင်းသည် စစ်တပ်တွင် အဖက်ဖက်က အားနည်းလာသည်ကိုပြသခြင်းဖြစ်ကြောင်း ပဒိုစောကလယ်စေးက ပြောသည်။

"ကချင်ပြည်သူလူထုစစ်ဘေးရှောင်တွေကို သူတို့ဒီလိုလုပ်တာက နိုင်ငံတကာရဲ့စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တယ်ဆိုတာ သူတို့ငြင်းစရာအကြောင်းမရှိဘူးပေါ့နော်။ ဒီလိုကျွန်တော်တို့မြင်ပါတယ်။ ဒီလိုလုပ်ရခြင်းကလည်း သူတို့အာဏာတည်မြဲရေးအတွက် သူတို့ရဲ့အတ္တကိုပုံဖော်တာပဲဖြစ်ပါတယ်"ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ ည ၁၁ နာရီ ၃၀ ခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်ကျေးရွာ စစ်ဘေးရှောင်စခန်းအပေါ်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့တိုက်ခိုက်ခံရမှုကြောင့် ရင်ခွင်ပိုက် လူမမယ်ကလေးသူငယ်များ၊ အမျိုးသမီးများအပါအဝင် စစ်ဘေးရှောင် အရပ်သားပြည်သူ ၂၉ ဦးသေဆုံးခဲ့ရပြီး ၅၇ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရသည်။

KNU အနေဖြင့် ကျန်ရစ်သူမိသားစုနှင့်သော်လည်းကောင်း၊ ကချင်ပြည်သူတစ်ရပ်လုံးနှင့်သော်လည်းကောင်း၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)တို့နှင့်သော်လည်းကောင်း ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း အောက်တိုဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက "ရှေ့ဆက်ပြီးတော့ သူတို့ကိုဖိအားပေးသွားမယ်။ ပြည်သူတွေအပါအဝင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံး လက်တွဲပြီးတော့ သူတို့ကိုအဖက်ဖက်က ဖိအားပေးသွားနိုင်ဖို့ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ပြည်သူတွေပါဝင်လုပ်ဆောင်ဖို့လိုတယ်"ဟု ပြောသည်။


စစ်ကောင်စီသည် စစ်ဘက်၊ အရပ်ဘက်၊ ကလေးသူငယ်ဟူ၍ ခွဲခြားမှုမရှိ၊ ပြည်သူလူထု အသက်အိုးအိမ်ထိခိုက် အသက်ဆုံးရှုံးမည်ကိုလည်း လုံးဝငဲ့ညာခြင်းမရှိဘဲ အင်အားအလွန်အကျွံသုံး တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု (War Crime) ကို ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်၍ KNU အနေဖြင့် ဤလုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပဒိုစောကလယ်စေးက "သူတို့အကျအဆုံးများလာတဲ့အကြောင်းရင်းကတော့ နံပါတ်တစ် စစ်သားတွေကိုယ်တိုင်က စိတ်ဓာတ်အရမ်းကျဆင်းနေတယ်။ ပြည်သူလူထုက ထောက်ခံမှုမရတဲ့အပေါ်မှာလည်းဖြစ်တယ်။ အဆိုးဆုံးကတော့ ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့အချိန်မှာ သိရှိရသလောက်ကတော့ သူတို့ရဲ့တပ်သားတွေ စိတ်ကြွဆေးတွေ၊ ဆေးပြားတွေသုံးစွဲနေတာကိုလည်း သိရှိရပါတယ်။ စိတ်ကြွဆေးသုံးတဲ့အခြေအနေမှာ သူတို့ပုံမှန်မဟုတ်တဲ့အတွက် အကျအဆုံးများလာတာပါ"ဟု ပြောသည်။


စစ်တပ်သည် အရပ်သားပြည်သူများ၊ ဆေးရုံ၊ ကျောင်း၊ ဘာသာရေး အဆောက်အအုံ စသည့် အများပြည်သူများနှင့် သက်ဆိုင်သော အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုများအပါအဝင် အခြား လူမဆန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျေးလက်၊ မြို့ပြမကျန် နိုင်ငံတဝှမ်းတွင် နှစ်ပေါင်းများစွာအတွင်း ကြိမ်ဖန်ပေါင်းများစွာ ကျူးလွန်လျက်ရှိသည်ဟုလည်း KNU ၏ ထုတ်ပြန်ချက်က ဆိုသည်။

တချိန်တည်းမှာပင် စစ်တပ်သည် စစ်ဘေးရှောင်ပြည်သူအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကို လက်နက်သဖွယ် နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးစားနေသည်ကိုလည်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဓာတ်ပုံ - မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူများ၏ရုပ်အလောင်းများအား တွေ့ရစဉ်။ (Photo - Htoi Seng Mai Facebook)

ဆက်စပ် သတင်းများ