တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

“အယ်လ်နီညိုကြောင့် ဘင်္ဂလားပင်လယ်အော်တွင် မိုးလွန်ကာလမုန်တိုင်းတွေဖြစ်လာဖို့ တာစူနေ”ဟု မိုးလေဝသပညာရှင်ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 981

အလွန်ပူနွေးခြောက်ကပ်သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဘင်္ဂလားပင်လယ်အော်တွင် မိုးလွန်ကာလမုန်တိုင်းများဖြစ်လာရန် တာစူနေသည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်ပြောသည်။

"အခု ဘင်္ဂလားပင်လယ်အော်မှာ မိုးလွန်ကာလမုန်တိုင်းတွေဖြစ်လာဖို့ တာစူနေပြီ။ ရေနဲ့ပတ်သက်တဲ့ သဘာဝဘေးတွေ ထပ်လာဖို့ ရှိနေသေးတယ်။ ဘာကြောင့်လဲဆိုတော့ အခုဖြစ်နေတဲ့ အယ်လ်နီညိုကြောင့်ပါပဲ" ဟုပြောသည်။

အယ်လ်နီညို (El Nino) ဆိုသည်မှာ အလွန်ပူနွေးခြောက်ကပ်သည့်ဖြစ်စဉ်ဖြစ်ပြီး အနည်းဆုံး ၃ နှစ်မှ အများဆုံး ၇ နှစ်လျှင် တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိသည်ဟု သိရသည်။

တစ်ကြိမ်လျှင် ကြာမြင့်ချိန် အနည်းဆုံး ၉ လမှ ၂ နှစ်အထိ ကြာမြင့်တတ်ကြောင်းလည်း သိရသည်။

အယ်လ်နီညိုကြောင့် မိုးလွန်ကာလတွင် နိုင်ငံတဝန်း သဘာဝဘေးအန္တရာယ်များနှင့် ကြုံရလာနိုင်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးပြောကြားသည်။

အယ်လ်နီညိုဖြစ်စေ၊ လာနီညာဖြစ်စေ ပစိဖိတ်သမုဒ္ဒရာအရှေ့မြောက်ဘက်က ပင်လယ်ရေစီးကြောင်း အပူချိန်ပြောင်းလဲခြင်းနှင့်အတူ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များဖြစ်လာလျှင် မိုးခေါင်ခြင်း/ပူပြင်းခြင်းနှင့် မိုးများခြင်း/ရေကြီးရေလျှံဖြစ်ခြင်းများဖြစ်တတ်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။

မြန်မာနိုင်ငံအတွင်း အယ်လ်နီညို အားအပြင်းဆုံးဖြစ်သည့် ဒီဇင်ဘာလနောက်ပိုင်းတွင် ၂၀၂၄ ခုနှစ်၊ မေလအထိ အယ်လ်နီညိုဖြစ်စဉ် ဖြစ်နိုင်ခြေ ၈၀ ရာနှုန်းအထိရှိနေပြီး ဇွန်လအထိ အယ်လ်နီညိုဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းရှိသည်ဟုလည်း အောက်တိုဘာလ ၉ ရက်က ထုတ်ပြန်သည့် အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေး (NOAA)၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကြောင့် အယ်လ်နီညိုကာလအတွင်း အလွန်တရာ ပူပြင်းခြောက်သွေ့ခြင်းနှင့် စိုစွတ်မှုလွန်ကဲခြင်း ဖြစ်စဉ် ၂ ခုစလုံးအတွက် မြန်မာနိုင်ငံတွင် ဒေသအလိုက် ကြိုတင်ပြင်ဆင်ထားကြရန်လိုကြောင်းလည်း မိုးလေဝသပညာရှင်များက တိုက်တွန်းသတိပေးလျက်ရှိသည်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်က “အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေမှာ အပူလွန်ကဲပြီး မြေဆီလွှာအောင်းရေကျဆင်းကာ သီးနှံဖြစ်ထွန်းအောင်မြင်မှုလျော့နည်း ကျဆင်းနိုင်သလို  မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာတော့ မုန်တိုင်းတွေဖြစ်လာနိုင်တာ၊ မိုးများပြီး ရေကြီးရေလျှံဖြစ်တာနဲ့ တောင်ကျချောင်းရေလို ရုတ်တရက်ကျဆင်းလာတဲ့ ရေအဟုန်ကြောင့် ပျက်စီးဆုံးရှုံးခြင်းတွေမှ ကာကွယ်ရှောင်ရှားနိုင်အောင် ပြင်ဆင်ထားကြရမယ်”ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ မိုးဦးရာသီတွင် ရခိုင်ပြည်နယ်ကိုဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းကြီး မိုခါဖြစ်စဉ်နှင့် အလယ်ပိုင်းဒေသများ၌ ပူပြင်းပြီး မိုးနည်းခဲ့သည့်ဖြစ်စဉ်များက အနောက်တောင်မုတ်သုံလေ ပုံမှန်ရက်ထက် ၈ ရက်ခန့်နောက်ကျပြီးမှ ဝင်ရောက်ခဲ့သည့်အတွက် ဆက်စပ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောသည်။

ယခုနှစ် မိုးနှောင်းရာသီကာလတွင်လည်း ပဲခူးမြို့နှင့် လှည်းကူးမြို့တို့တွင် ရေကြီးခြင်း၊ မန္တလေးတိုင်းထဲမှ မတ္တရာမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေ အတက်ကြမ်းပြီး ရေကြီးသည့်ဖြစ်စဉ်များက ၂၀၂၃ ခုနှစ်၊ ဇွန်လတွင်စတင်ဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုနှစ်၏ အစပိုင်း၌ဖြစ်ပွားခဲ့သည့် သဘာဝဘေးများဖြစ်သည်ဟု ပြောသည်။ (NN-11)

ဓာတ်ပုံ - ရခိုင်တွင် ၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းက မိုးရွာသွန်းမှုနည်းပါးကာ အပူချိန်ပြင်းလွန်းသောကြောင့် စိုက်ပျိုးထားသော စပါးပင်များ သေကြေပျက်စီးခဲ့စဉ်။

ဆက်စပ် သတင်းများ