Preview

KIA, AA, MNDAAနှင့် TNLA မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ရှမ်းမြောက်တွင် စစ်ကောင်စီတပ်ကို ဗျူဟာမြောက်ထိုးစစ်စတင်

အောက်တိုဘာ ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :2752
ပြည်တွင်း သတင်း

(ချင်းရွှေဟော်မြို့ကိုကိုးကန့်တပ် သိမ်းပိုက်လိုက်ပြီဟု ဘီဘီစီသတင်းတွင်ဖော်ပြ)

ရှမ်းပြည်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA) အပါအဝင်မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ ဖြစ်ကြသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့မှ စစ်ကောင်စီတပ်စခန်းများကို ဗျူဟာမြောက် ထိုးစစ်ဆင်တိုက်ခိုက်မှုများ စတင်နေပြီဖြစ်ကြောင်းသိရှိ၇သည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်ကြသည့် ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့်တပ် (MNDAA)နှင့်  တအာန်းတပ် (TNLA)တို့က Operation 1027 စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ပြီဖြစ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲများမှာ ယနေ့ နံနက် ၄ နာရီကစတင်ကာ  ပြင်းထန်စွာဖြစ်ပွားနေကြောင်းသိ၇သည်။

စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များမှ ယခုကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး KIAပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာသူကယခုကဲ့သို့ပြောသည်။


“ အဲဒါတော့ကျွန်တော်လည်း လိုင်းပေါ်မှာအခြေအနေလောက်ဘဲ သိရပါတယ်။ ဒီကနေ့ရှမ်းမြောက်ပိုင်းနဲ့ နေရာ တော် တော်များများမှာ သူတို့ထိုးစစ်ဆင်တဲ့သတင်းလောက်ဘဲ ၇ပါတယ်။ အခုအချိန်အထိ ကျွန်တော်တို့လည်း သတင်းတွေကို စုဆောင်းနေဆဲဘဲဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စခန်းများမှာလားရှိုးမြို့အဝင် ခလ၇ (၆၈) စခန်း၊ ကုန်ဆာကျေးရွာအနီးရှိ မုန်ဂျက်စခန်း၊သိန်နီမြို့ရှိ စစ်ကောင်စီစခန်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ခလ၇ ၂၄၁နှင့် ခလ၇ ၂၄၂ စခန်း ၂ ခုအပါအဝင် နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်း၊မုံးကိုးမြို့နယ်အတွင်းရှိ တရုတ်-မြန်မာနယ်စပ်မန်ယန်တောင်ကုန်ပေါ်ရှိ စခန်းများကို မြောက်ပိုင်းမဟာမိတ် အဖွဲ့များမှတစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်ဟုဒေသအခြေစိုက် The Kachin Sub-State Media တွင် ရေးသားဖော်ပြသည်။

၎င်းပြင် စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက်  ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ် သိမ်းပိုက်လိုက်ပြီဟုလည်း ဘီဘီစီတွင် သတင်းဖော်ပြသည်။

ယခုကဲ့သို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ရသည့် အကြောင်းရင်းကို မေးမြန်းရာ  သူ့အနေနှင့် မပြောနိုင်သေးကြောင်းလည်းဗိုလ်မှူးကြီး နော်ဘူကဆက်ပြောသည်။


“ အဲဒါတွေက ကျွန်တော်မသိရသေးပါဘူးနော်။သူတို့ထုတ်ပြန်ကြေငြာချက်တော့ တခါတရံတွေ့တယ်။ အဓိက အခြေခံအကြောင်းရင်းတွေကကျွန်တော်မကြားရသေးပါဘူး။ ဒီနေ့ ညနေလောက်မှ သိ၇ပါမယ်” ဟုပြောဆိုသည်။

ချင်းရွှေဟော်မြို့ နှင့် ဖောင်ဆိပ် ကို ယနေ့ နံနက်ကကိုးကန့်တပ်ကသိမ်းလိုက်ပြီဖြစ်ကြောင်း၊ ဖောင်ဆိပ်မှာ နယ်စပ်ကုန်သွယ်ရေးစစ်ဆေးရေးဂိတ်တစ်ခုဖြစ်ပြီး ချင်းရွှေဟော် နယ်နိမိတ်အစ ဖြစ်ကြောင်း၊ ဖောင်ဆိပ်စုပေါင်းဂိတ်မှာတာဝန်ကျသည့် ရဲနှင့် ဝန်ထမ်းများသေဆုံးခဲ့ပြီး စခန်းကို စွန့်ခွာသွားပြီဖြစ်ကြောင်း ဒေသခံများကို ကိုးကားပြီး  ဘီဘီစီက သတင်းဖော်ပြထားသည်။

ကိုးကန့်၊ ၀ဒေသနှင့်  လားရှိုးမြို့ကြား လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းမှာ လက်ရှိ  လုံး၀ ပြတ်တောက်သွားပြီး ဖြစ်သည်ဟု သိ၇သည်။

တိုက်ပွဲများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ကနေ  တရုတ်နယ်စပ်အထိဖြစ်ပွားနေပြီး  တိုက်ပွဲတွေ ပြင်းထန်လာနေသည်ဟု သိ၇သည်။

လက်ရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကတရုတ် မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးကိုလည်းယနေ့ကစပြီး အရေးပေါ်ပိတ်လိုက်ပြီဖြစ်ကြောင်း ကိုးကန့်တပ်(MNDAA) ကကြေညာလိုက်ပြီဖြစ်သည်။ NN-14

 

ဓာတ်ပုံ- The Kokang

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.