Preview

ညီနောင်မဟာမိတ် ၃ ဖွဲ့စတင်လိုက်သည့် "၁၀၂၇ စစ်ဆင်ရေး"ကို ထောက်ခံပြီး ပူးပေါင်းပါဝင်မည်ဟု NUG ထုတ်ပြန်

အောက်တိုဘာ ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :1517
ပြည်တွင်း သတင်း

ညီနောင်မဟာမိတ်များဖြစ်ကြသည့် ရက္ခိုင့်တပ်တော် (AA)၊ တအာင်းပလောင်လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)တို့ ပူးတွဲဆင်နွှဲနေသည့်၁၀၂၇ စစ်ဆင်ရေးကို အမျိုးသား ညီညွတ်ရေးအစိုး၇ (NUG)က ထောက်ခံပြီးပူးပေါင်းပါဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။

“အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် တညီတညွတ်တည်း လက်တွဲပြီး “၁၀၂ရစစ်ဆင်ရေး” နှင့် ဟန်ချက်ညီ စစ်ဆင်ရေးများ ဖော်ဆောင်ကာ ပူးပေါင်းသွားမည်ဖြစ်ကြောင်း”အောက်တိုဘာလ ၂၇ ရက် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့မှာ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊မိမိတို့ဒေသကို မိမိတို့ ယခုထက်ပိုမိုထိန်းချုပ်နိုင်ရေး၊မိမိတို့၏အဖွဲ့အစည်းများအပေါ် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ညအချိန်မရွေး ပစ်ခတ်တိုက်ခတ်နေမှုများအပေါ်  ဟန့်တားမှု ရရှိနိုင်ရေးအပါအဝင် OnlineGame လုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့်ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် Operation1027 စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ ရက်တွင် စတင်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောင်ရေးတို့ကို မမှိတ်မသုံ ဆောင်ရွက်ကြရမည်ဖြစ်သောကြောင့် ခုခံတော်လှန်စစ်တွင်အင်အားစုအားလုံး အားသွန်ခွန်စိုက် ဆက်လက် ပူးပေါင်းပါဝင်ကြရန်လည်း NUG ၏ ဆိုပါထုတ်ပြန်ချက်တွင် အလေးထား တိုက်တွန်းထားသည်။

ညီနောင်မဟာမိတ်များ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးအောင်မြင်ရေးအထောက်အပံ့ဖြစ်စေရန် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး)ကလည်း “တောင်သမန်” စစ်ဆင်ရေးဖြင့် ပူးပေါင်းပါဝင်တိုက်ခိုက်မည်ဟုကြေညာ ထားပြီး ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တော် (BPLA)မှလည်းညီနောင်မဟာမိတ်တပ်ဖွဲ့များဖြင့် စစ်ကောင်စီတပ် များကို ပူးပေါင်းပါဝင်တိုက်ခိုက်နေကြောင်း သိရှိရသည်။  

MNDAA တပ်ဖွဲ့က ရှမ်းပြည်နယ် ပန်ဆိုင်းမြို့ရှိစစ်ကောင်စီစခန်းတခုကို ယနေ့ညနေ ၃ နာရီခန့်တွင် ထပ်မံသိမ်းပိုက်လိုက်သည့်အတွက်တိုက်ပွဲများပြင်းထန်နေပြီး လောက်ကိုင်မြို့ကိုလည်း MNDAA ကသိမ်းယူရန် ထိုးစစ်ဆင်နေကြောင်း ဒေသအခြေစိုက် သတင်းဌာနတချို့တွင် ဖော်ပြကြသည်။

လက်ရှိအချိန်အခြေအနေမှာ ရှုပ်ထွေးနေပြီး စစ်ကောင်စီဘက်မှလည်းအင်အားဖြည့်ကာ လေကြောင်းအပါအဝင် အတွဲ လိုက်ပစ် ခတ်နိုင်သည့်တာဝေးပစ်ဒုံးများအသုံးပြု တိုက်ခိုက်နေသည်ဟု ဆိုသည်။

တိုက်ပွဲများ ပြင်းထန်နေသည့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီကယနေ့ ညနေ ၆ နာရီခန့်တွင် MPT၊ Oredoo နှင့်Telonor ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ထားပြီး စစ်ကောင်စီပိုင်Mytel နှင့် MEC လိုင်းများကိုသာအသုံးပြုခွင့်ပေးထားသည်ဟု ဒေသအတွင်းအခြေစိုက်သည့် The Kachin Sub- StateMedia သတင်းတွင် ဖော်ပြထားသည်။ (NN-14)

Photo by - The Kokang

ပုံစာ။ စစ်ကောင်စီတပ်စခန်းမှ MNDAA သိမ်းဆည်းရရှိထားသည့်လက်နက်နှင့် စစ်အသုံးအဆောင်များ။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.