ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေးတွင် ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦးလည်း စစ်ကောင်စီကို ပူးပေါင်း ပါဝင်တိုက်ခိုက်မည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ယမန်နေ့က စတင်လိုက်သည် ၁၀၂၇ စစ်ဆင်ရေးတွင် ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (KNPLF) (ကလလတ)ကလည်း စစ်ကောင်စီကို ပါဝင်တိုက်ခိုက်မည်ဖြစ် ကြောင်း ယမန်နေ့က ကြေညာလိုက်သည်။

ဘုံရန်သူ စစ်ကောင်စီကိုတိုက်ခိုက်ရာတွင် တတပ်တအား ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ ရင်ဆိုင်နေရသော စစ်မျက်နှာမှ ဘုံရန်သူ (စကစ)တပ်များကို တိုက်ခိုက်ခြင်းအားဖြင့် မိတ်ဆွေတို့ရဲ့ တိုက် ပွဲတွင် တစ်တပ်တစ်အား ပူးပေါင်းပါဝင် တိုက်ခိုက်မည်ဖြစ်ပါကြောင်း ကျွန်တော်တို့ (ကလလတ)အဖွဲ့အစည်းရဲ့ တိုက်ပွဲဝင်စိတ်ဓါတ်ကို ယခုကြေညာချက်ဖြင့် တည်ကြည်စွာ အကြောင်းကြား အသိပေးအပ်ပါသည်”ဟု ဖော်ပြထားသည်။

ထို့အပြင် ဘုံရန်သူစစ်အုပ်စုကို တစ်နိုင်ငံလုံးရှိ လှန်ရေးတပ်ဖွဲ့များ ဟန်ချက်ညီ တိုက်ခိုက်ဖို့လိုအပ်ပြီး ညီညွတ် သွေး စည်းမှုကသာလျှင် အောင်ပွဲကို အဆုံးအဖြတ်ပေးမည်ဟု ယုံကြည်သည်ဟု ဖော်ပြထားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် မူဝါဒမှာ ယနေ့ဘုံရန်သူကို တိုက်ခိုက်နေကြသည့် အဖွဲ့အစည်းများမှ လေ့လာအတုယူ လိုက်နာကျင့်သုံးထိုက်သော သဘောထားနှင့် လုပ် ဟန်များ ဖြစ်သည်ဟု (ကလလတ)မှ ရှုမြင်ပြီး တခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ တိုးချဲ့ကျင်းသုံးသင့်သည်ဟု လည်း အဆိုပါ ထုတ်ပြန်ချက်တွင် အကြံပြုတိုက်တွန်းထားသည်။

ယမန်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF (မန္တ လေး) အပြင် ယခုအခါ (KNPLF)ကလည်း ပူးပေါင်းပါဝင်ရန် တရားဝင် ထုတ်ပြန်လာခြင်းဖြစ်သည်။

KNPLF ခေါ် ကလလတမှာ ၁၉၇၈ ခုနှစ်တွင် ကရင်နီတိုးတက်ရေးပါတီမှ ခွဲထွက်ပြီး ၁၉၉၄ ခုနှစ်တွင် စစ်ကောင်စီတပ်နှင့် အပစ်အခတ် ရပ်စဲကာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလွဲခဲ့သော်လည်း ယခုနှစ် ဇွန်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်လာခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး ပထမနေ့တွင် ရှမ်းပြည်နယ် နမ်းခမ်းမြို့နယ်အတွင်းရှိ နမ်ခမ်း-နမ်းဖတ် ကာလမ်း ၁၃ မိုင် တပ်စခန်း၊ ၁၂ မိုင် တပ်စခန်းနှင့် တာဝါတိုင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းနှင့် လားရှိုးမြို့နယ်အတွင်းရှိ တိန်းတန်တပ်စခန်းကို တအာင်းအမျိုး သားလွတ်မြောက်ရေး တပ်မတော် TNLA က သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းမီးကျောက် အမြောက်အများကိုလည်း သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ခေါ် ကိုးကန့်တပ်မှလည်း ချင်းရွှေဟော်၊ ဖောင် ဆိပ်၊ ကွမ်လုံ၊ မုံးကိုးနှင့် လားရှိုးမြို့ရှိနယ်အတွင်း စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းယူနိုင်ခဲ့ကြောင်း ကိုးကန့်သတင်း တွင်း ဖော်ပြသည်။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက တိုက်ခိုက်ခံခဲ့ရသည့် စခန်းများမှာ စစ်တပ်စခန်းများမဟုတ်ဘဲ ရဲ နှင့် နယ်ခြားစောင့် တပ်စခန်းများဖြစ်ပြီး ထိခိုက်သေဆုံးမှု တချို့ရှိကြောင်း သတင်းဌာနတချို့ကို ပြောဆိုထားသည်။ (NN-14)

ဆက်စပ် သတင်းများ