အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီက လေယာဉ်များဖြင့်ပါဝင်တိုက်ခိုက်နေသော်လည်း လားရှိုးနှင့် နမ့်ခမ်းတွင် စစ်ကောင်စီစခန်း တချို့အား TNLA က သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 946

စစ်ကောင်စီက လေယာဉ်များဖြင့် ပါဝင်တိုက်ခိုက်နေသော်လည်း လားရှိုးနှင့် နမ့်ခမ်းတွင် စစ်ကောင်စီစခန်း တချို့အား တအာင်း အမျိုးသား လွတ်မြောက်တပ်မတော် (TNLA) က  အောက်တိုဘာလ ၂၇ ရက်၌ သိမ်းပိုက်ခဲ့ကြောင်း ယင်းတပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာနမှ သိရသည်။

၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းပြည်နယ်၊  လားရှိုးမြို့နယ်နှင့်နမ့်ခမ်းမြို့နယ်တို့တွင် TNLA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ အောက်တိုဘာ ၂၇ ရက် တစ်ရက်အတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၇)ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် ( ၅)ကြိမ်၊ ၁၂၀/၁၀၅ ဟောင်ဝေဇာ အမြောက်ဖြင့် (၁၂)ကြိမ်ဖြင့် တိုက်ပွဲဖြစ်သည့်နေရာသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်း ထုတ်ပြန်သည်။



ထိုသို့ လေယာဉ်များဖြင့် လာရောက်တိုက်ခိုက်သော်လည်း လားရှိုးမြို့နယ်တွင် မိုင်းကျက် တပ်စခန်းနှင့် တိန်တန်တပ်စခန်းတို့ကို  အောက်တိုဘာ ၂၇ ရက် နံနက် ၅ နာရီ ၂၀ မိနစ်တွင် တိုက်ခိုက်ခဲ့ပြီး တိန်တန်တပ်စခန်းကို ပြီးခဲ့သည့်ညဥ့် ၁၂ နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

TNLA အဆင့်မြင့်အရာရှိတစ်ဦးက “နောက်ထပ်စစ်ဆင်ရေးတွေလည်း ရှိပါတယ်။ အသေးစိတ်ကိုပြောလို့မရပါဘူး။ အခုရက်ပိုင်း ခေါင်းဆောင်တွေ အစည်းအဝေးတွေနဲ့ အလုပ်များနေပါတယ်” ဟု နိရဉ္စရာသို့ပြောသည်။

တိုက်ပွဲအတွင်း သေနတ် (၁၄)လက်၊ RPG (၁)လက်၊ 60MM- (၂)လက်၊ စက်လက်အကြီး (၁)လက်၊ လက်ပစ်ဗုံး - ၂၀၀လုံး၊ RPG ကျည် - ၃၀ လုံး၊ 60MM ကျည်- ၅၀လုံး၊ မိုင်း၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း TNLA မှ သိရသည်။

အလားတူ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃)မိုင် တပ်စခန်း၊ (၁၂)မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) (၃)ခုတို့ကိုလည်း အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၄ နာရီအချိန်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA မှ သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီစစ်သား အလောင်း ၁၈ လောင်းနှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရခဲ့မိကြောင်းသိရသည်။

ဓာတ်ပုံ - PSLF/TNLA  

ဆက်စပ် သတင်းများ