အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်သုံးဖွဲ့နှင့်အတူလက်တွဲတိုက်ခိုက်နေသည့် ဗမာ့တပ်တော် BPLAလည်း အောင်ပွဲရရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 749

စစ်ကောင်စီတပ်ဖွဲ့အလောင်း ၄၀ နှင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံးပန်း ၃ဦးဖမ်းမိပြီး BPLA ကတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးဟု ထုတ်ပြန်

ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်း (၄၀) ရရှိပြီး ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး အပါအဝင် စစ်သုံးပန်း (၃) ဦးကို ဖမ်းဆီးရမိကြောင်း (BPLA)က သတင်း ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲမှာ BPLA နှင့် ပူးပေါင်းတပ်တို့ ပူးတွဲလှုပ်ရှား ထိန်းချုပ်သည့်နေရာ ရှမ်းပြည်နယ် မြောက်ပိုင်းသို့  တပ်မ (၃၃) လက်အောက်ခံ စစ်ကိုင်း အခြေစိုုက် ခမရ (၁၃) မှ အင်အား (၇၀) ခန့်ပါသည့် စစ်ကောင်စီတပ်က ၀င်ရောက်လာသည့်အတွက် အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ကျော်ကျဆုံးပြီး တစ်ချို့မှာလည်း နီးစပ်ရာကျေးရွာများသို့ ၀င်ရောက်ကာ ပြည်သူ များကို ဓါးစားခံလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မဟာမိတ် စစ်ကူတချို့နှင့် ခက်ခက်ခဲခဲ ရှင်းလင်းခဲ့ရပြီး တိုက်ပွဲ ကို ည ၅ နာရီမှ အဆုံးသတ်နိုင်ခဲ့သည်ဟု အောက်တိုဘာလ ၂၈ ရက်နေ့တွင် (BPLA) က သတင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲအပြီး ရန်သူအလောင်း (၄၀) နှင့် ဗိုလ်ကြီး နေလင်းအောင် အပါအဝင် စစ်သုံးပန်း (၃) ဦးနှင့် လက်နက်ပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရမိပြီး (BPLA) မှ တပ်ဖွဲ့ဝင်(၄) ဦးကျဆုံးကာ (၆) ဦးလည်း ဒဏ်ရာရှိခဲ့သည်ဟု ဖော်ပြထားသည်။


သိမ်းဆည်းရမိသည့် လက်နက်များမှာ MA Series ရိုင်ဖယ် (၄၀) လက်၊ စက်ကလေး (၃) လက်၊ ၄၀ မမ (၆) လက်၊ ကျဉ် (၈၀) ၆၀ မမ (၂) လက်၊ ကျည် (၆၀)၊ ၈၀ မမ (၁)လက်၊ ၁၀၀ မမ (၂)လက်၊ ကျဉ် ၁၀၊ RPG (၂)လက်၊ ကျဉ်(၁၀)၊  ပီစတို (၂) လက်၊ Icom စက် (၃)လုံးအပါအဝင် တခြားစစ်အသုံးအဆောင် ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရမိသည်ဟု ဆိုသည်။

BPLA မှာ ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ဆင်နွဲနေသည့် “၁၀၂၇ စစ်ဆင်ရေးတွင်” ပူးပေါင်းပါ၀င်ပြီး စစ်ကောင်စီကို တိုက် ခိုက်နေသည့် အဖွဲ့တစ်ခုဖြစ်ပြီး စစ်ရေး ရည်မှန်းချက်ပြီးမြောက်အောင်အထိ ပူးပေါင်းပါ၀င်တိုက်ခိုက်သွားမည်ဟု ဖြစ် ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် အောက်တိုဘာလ (၂၇) နေ့က ကနဦး ဖြစ်ပွားသည့်တိုက်ပွဲတွင်လည်း BPLA မှ ရန်သူအလောင်း (၄) လောင်းနှင့် လက်နက် ရ လက် သိမ်းဆည်းရမိသည်ဟု သိရှိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကို စာရေးဆရာ မောင်ဆောင်းခမှ ဦးဆောင်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

လက်ရှိအချိန်တွင် ရက္ခိုင့်တပ်တာ် (AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ကရင်နီတပ်မတော် (KA) စသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် မဟာမိတ်ဖွဲ့ပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ပွဲဝင်နေသည်။
(NN-14)
Photo- BPLA

ဆက်စပ် သတင်းများ