စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

တိုင်းရင်းသားလက်နက်ကိုင် ညီနောင်သုံးဖွဲ့၏ ထိုးစစ်ကို လက်တုန့်ပြန်သွားမည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီအစည်းအဝေးတွင် ပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကြာမီရက်များအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မြို့အချို့ကို ထိန်းချုပ်သိမ်းပိုက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ညီနောင်သုံးဖွဲ့အား လက်တုန့်ပြန် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂ရက်နေ့က ကျင်းပသည့် စစ်ကောင်စီအစည်းအဝေးတွင် ပြောကြားလိုက်သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) နှင့် တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ကိုးကန့်ဒေသရှိ ဒေသလုံခြုံရေး စခန်းများနှင့် ရုံးများကို တိုက်ခိုက်ခဲ့ကြောင်း၊ ရခိုင်တပ်တော်(AA) အပါအဝင် ရှမ်းပြည်နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်လာသည့်လက်နက်ကိုင်များကို စစ်တပ်အနေဖြင့် လက်တုန့်ပြန်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အလားတူ စစ်တပ်၏ ဆက်သွယ်ရေးယန္တယားများ နှင့် တပ်စခန်းများကို လာရောက်တိုက်ခိုက်သည့် ကချင်လွတ်မြောက်ရေးတပ်(KIA) ကိုလည်း လက်တုန့်ပြန်တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။


အောက်တိုဘာလ(၂၇)ရက်မှ စတင်သော MNDAA, TNLA, AA တို့ပါဝင်သည့် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့တို့၏ ကိုးကန့်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းထိုးစစ်တွင် စစ်ကောင်စီတပ်များ အထိနာကာ အကျအဆုံးများပြားခဲ့ပြီး ချင်းရွှေဟော်နယ်စပ်မြို့အပါအဝင် မြို့လေးမြို့လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

တရုတ်နိုင်ငံနှင့် အဓိကဆက်သွယ်ထားသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ညီနောင်သုံးဖွဲ့နှင့် ပီဒီအက်ဖ်များ၏ ထိုးစစ်ကြောင့် ယခုချိန်ထိ သွားလာမရသေးဘဲ ပိတ်ထားရသည်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရထံမှ အာဏာလုယူခဲ့သည့် ၂၀၂၁၊ ဖေဖော်ဝါရီနောက်ပိုင်း ယခုညီနောင်သုံးဖော်၏ ထိုးစစ်မှာ မြန်မာစစ်တပ်က ရင်ဆိုင်ရသည့် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်သည်ဟု အကဲဖြတ်သူများက ဆိုသည်။

တရုတ်အစိုးရက ရှမ်းပြည်နယ်တွင် ဖြစ်ပွါးနေသော တိုက်ခိုက်မှုများ ချက်ချင်း အပစ်အခတ်ရပ်စဲကြရန် နှင့် ပါဝင်သူများအချင်းချင်း တွေ့ဆုံဆွေးနွေးကြရန် ကြာသပတေးနေ့က တိုက်တွန်းခဲ့သည်။


ရှမ်းပြည်နယ်သည် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် BRI စီမံကိန်းများ ဖြတ်သန်းသွားရာ နေရာဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အပြား အခြေချနေထိုင်ပြီး အချို့မှာ ဆယ်စုနှစ်များစွာ အကျိုးစီးပွါး နှင့် နယ်မြေပိုင်ဆိုင်မှုအတွက် အချင်းချင်းတိုက်ခိုက်မှုများ ရှိနေခဲ့သည်။

မြန်မာစစ်တပ်က ၂၀၂၁ အာဏာသိမ်းမှုနှင့်အတူ ဆန့်ကျင်သူများအား သွေးထွက်သံယို ဖိနှိပ်ခဲ့မှုကြောင့် လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေး တပ်(PDF)များ ကြီးထွားလာခဲ့ပြီး အဆိုပါအဖွဲ့များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လေ့ကျင့်ပေးပြီး လက်နက်တပ်ဆင်ပေးခဲ့သည်။

မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် အင်္ဂါနေ့က တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောက်ဟုန် နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ်တွင် ဖြစ်ပွါးနေသော တိုက်ခိုက်မှုများနှင့်ပတ်၍ ဆွေးနွေးခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင် ညီနောင်သုံးဖွဲ့ နှင့် ပီဒီအက်ဖ်ပူးပေါင်းအဖွဲ့များ၏ ရှမ်းပြည်နယ် မြောက်ပိုင်းထိုးစစ်တွင် တရုတ်နိုင်ငံက နောက်ကွယ်မှ အားပေးကူညီမှုရှိနေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေသော်လည်း တရုတ်နိုင်ငံက ဝန်ခံခြင်းမရှိဘဲ ပစ်ခတ်တိုက်ခိုင်မှုများ ချက်ချင်းရပ်စဲပြီး ပါဝင်သူများအချင်းချင်း တွေ့ဆုံဆွေးနွေးကြရန်သာ တိုက်တွန်းလျှက်ရှိသည်။

 NN-27

ref:CNA/ Photo by Asahi Shimbun and Internet

ဆက်စပ် သတင်းများ