တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ တစ်ပြည်လုံးစစ်ရေးသြဇာလွှမ်းမိုးမှု ကျဆုံးပျက်စီးတော့မည့် အခြေအနေဆိုက်နေပြီဟု နိုင်ငံရေးလေ့လာသုံးသပ်သူပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 985

“ရှမ်းမြောက်တွင် စစ်ဆင်ရေး (၁၂) ရက်အတွင်း မြို့(၄) မြို့ ၊ တပ်စခန်း (၁၅၀) ခန့်  သိမ်းပိုက်ထားနိုင်ပြီဟု MNDAA ပြောခွင့်ရသူအတည်ပြု”

ညီနောင်သုံးဖွဲ့၏ ပြောင်မြောက်ပြီး အခြေအနေအချိန်အခါနှင့် ကိုက်ညီသော မဟာဗျူဟာ ချမှတ်နိုင်သည့်အတွက် ၁၀၂၇ စစ်ရေးစီမံကိန်းသည် အချိန်တိုအတွင်း ရှမ်းမြောက်နယ်မြေအများစုကို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

ယင်းအပြင် နွေဦးတော်လှန်ရေးတွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်များသည်လည်း ၁၀၂၇ စစ်ဆင်ရေးနှင့် ပေါင်းစပ်တိုက်ပွဲဝင်နေသည့် အတွက် စစ်ကောင်စီ၏ တစ်ပြည်လုံးစစ်ရေး သြဇာလွှမ်းမိုးမှု ကျဆုံးပျက်စီးတော့မည်ဟု ၄င်းက သုံးသပ်သည်။

"၁၀၂၇ စီမံကိန်းကို ဆက်လက်တည်တံ့အောင်လုပ်နိုင်ဖို့ ၊ ဖြစ်လာနိုင်တဲ့ စစ်ကောင်စီရဲ့ တုန့်ပြန် တိုက်ခိုက်မှုတွေကို ခုခံကာကွယ်နိုင်ဖို့အတွက်က အရေးကြီးတာ။ ဒီညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့တင် မလုံလောက်ဘူးဆိုတာ သဘောပေါက်ပါတယ်။ အဲ့ဒါကြောင့်မလို့ တခြားသောတိုင်းရင်းသား လက်နက်ကိုင်တွေက နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့သဘောထားအတိုင်းပဲ ၁၀၂၇ စစ်ရေး အစီအစဥ်နဲ့ပေါင်းစပ်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက် စစ်ကောင်စီရဲ့ တစ်ပြည်လုံးစစ်ရေး သြဇာလွှမ်းမိုးမှု ကျဆုံးပျက်စီးတော့မယ့်အခြေအနေဆိုက်နေပြီဆိုတာကို ကျနော်တို့ သုံးမိပါတယ်။"

ညီနောင်မဟာမိတ် (၃) ဖွဲ့ကလည်း စစ်ဆင်ရေးကို ဝန်းရံပေးကြသော နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် တော်လှန်ရေးအဖွဲ့အစည်းများ၊ စစ်ဆင်ရေးနှင့်  ဟန်ချက်ညီလှုပ်ရှားလာကြသော အဖွဲ့အစည်းများနှင့်လည်း စစ်ဆင်ရေးကို ယခုထက် ပိုမို ထိရောက်စေရန် ဟန်ချက်ညီညီ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။


"၁၀၂၇" စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ စစ်ဆင်ရေး (၁၂) ရက်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင်  မြို့(၄) မြို့ ၊ တပ်စခန်း (၁၅၀) ခန့်ကို ညီနောင်မဟာမိတ် (၃) ဖွဲ့  သိမ်းပိုက် ထားနိုင်ပြီဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA ) ပြောခွင့်ရ လီကျားဝင်းက နိရဉ္စရာကို ပြောသည်။

"တပ်စခန်းကတော့ ညီနောင်မဟာမိတ် (၃) ဖွဲ့ သိမ်းထားတာ စုစုပေါင်း တပ်ရင် ၁၅၀ လောက်ရှိပါပြီ။ မြို့ကတော့ ချင်းရွှေဟော်၊ ဖောင်စိုင်း၊ မုံးကိုး၊ နမ့်ခမ်း (၄) မြို့ကို သိမ်းထားနိုင်တယ်။ သိန္နီ၊ ကြူကုတ် (ပန်ဆိုင်း)၊ ကွမ်းလုံးကိုတော့ တချို့တစ်ဒေသကို သိမ်းထားနိုင်သလို စစ်ကောင်စီကိုလည်း Operation (စစ်ဆင်ရေး)တွေ ဆက်လက်ဖော်ဆောင်နေရတဲ့ အခြေအနေမှာ ရှိပါတယ်" ဟု ဆိုသည်။

သိမ်းပိုက်ထားသည့်စစ်ကောင်စီ၏ တပ်စခန်းများထဲတွင် စစ်သေနင်္ဂ ဗျူဟာအရ အရေးပါသောဗျူဟာကုန်းများ၊ စခန်းကြီး၊ စခန်းငယ်များ၊ ကာကင်းများ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများ၊ ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်စခန်းများ ပါဝင်ပြီး စစ်ဘက်ဆိုင်ရာ လက်နက် ကြီးများဖြစ်သော သံချပ်ကာကားကြီး (၆) စီးနှင့် ဟောင်ဝစ်ဇာလက်နက်ကြီးများကိုပါ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။


နိုဝင်ဘာလ (၇) ရက်နေ့၊  စစ်ဆင်ရေး (၁၂) ရက်မြောက်နေ့တွင်လည်း ရက္ခိုင့်တပ်တော် (AA) ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF များသည် စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့နယ်၊ ကောလင်းမြို့နယ် အပါအဝင် အဆိုပါမြို့နယ်များနှင့် ဆက်စပ်ဒေသများတွင် စစ်ဆင်ရေး ဆက်လက် ဖော်ဆောင်လျက်ရှိသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ဆင်ရေးအစမှ နိုဝင်ဘာ ၈ ရက်အထိ (၁၃) ရက်တာကာလအတွင်း သိမ်းပိုက်ရရှိခဲ့ပြီးသော မြို့များကိုလည်း အလုံးစုံ ဆက်လက်ထိန်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေးအပြီးသတ်အစားထိုးနိုင်ရန်ကြိုးစားလျက် ရှိသည်ဟု ဆိုသည်။(NN-7) 

ဓာတ်ပုံ-The Kokang

ဆက်စပ် သတင်းများ