“ပွဲလန့်တုန်းဖျာခင်းသည့်အနေဖြင့် စစ်ကိုင်းဒေသကြီးအတွင်းရှိ အချို့နေရာများကို PDF တို့ဝင်တိုက်ဟုဆို”
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)သည်‘၀’နယ်မြေအတွင်း၌ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီးအဓိကအင်အားများကို အောက်တိုဘာ ၂၇ ရက်တွင် နမ့်တစ်တံတားမှချင်းရွှေဟော်သို့ ဖြတ်ဝင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
နိုဝင်ဘာ ၈ ရက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နေပြည်တော် နိုင်ငံတော် စီမံခန့်ခွဲရေးကောင်စီဥက္ကဋ္ဌရုံးတွင်ပြုလုပ်သည့် ကာလုံ (ခေါ် )အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) တွင် ထိုသို့ ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။
(MNDAA) အနေဖြင့် ‘၀’နယ်မြေအတွင်း၌ ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ခဲ့ပြီး အဓိက အင်အားများကို အောက်တိုဘာ ၂၇ ရက်တွင် နမ့်တစ်တံတားမှ ချင်းရွှေဟော်သို့ ဖြတ်ဝင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊အဆိုပါမနက်ပိုင်းတွင် နမ့်တစ်ချောင်းအားဖြတ်ကူး၍ ချင်းရွှေဟော်အား အလုံးအရင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လောက်ကိုင်ဒေသနှင့် ချင်းရွှေဟော် ဒေသရှိ လုံခြုံရေးစခန်းများမှာ စစ်ဆင်ရေးစခန်းများ မဟုတ်ဘဲ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် စခန်းများသာဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် Drone များအသုံးပြု၍ Drone Bomb များ အများအပြား အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် MNDAA နှင့် အတူ KIA၊ TNLA၊ AA နှင့် PDF အဖွဲ့များ ပါဝင်ခဲ့သည်ကို တွေ့၇ကြောင်း၊ အဓိကအနေဖြင့်MNDAAနှင့် TNLA အဖွဲ့ဖြစ်ပါကြောင်း ဖော်ပြထားသည်။
၎င်းပြင် ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်စဉ်များတွင်ဒရုန်း (Drone) များကို အဓိက အသုံးပြုပြီး တိုက်ခိုက်သည်ကို တွေ့ရပြီး ၎င်းဒရုန်းများမှာ တရုတ်ထုတ်ဒရုန်းများဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆက်လက် ပြောဆိုသည်။
“ရှမ်းပြည်နယ်မြောက်ပိုင်း(လောက်ကိုင်) ဒေသဖြစ်စဉ်များတွင် MNDAA အဖွဲ့အနေဖြင့် ဒရုန်းများကို အဓိက အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊Drone များမှာ တရုတ်နိုင်ငံထုတ် ကုန်ထုတ်လုပ်ငန်းသုံး Drone များဖြစ်ပြီး ဈေးကွက်တွင် လွယ်ကူစွာ ဝယ်ယူ၍၇နေကြောင်း” ပြောသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတွင် ဖြစ်စဉ်များဖြစ်ပွားနေချိန် အတွင်း ပွဲလန့်တုန်းဖျာခင်းသည့် အနေဖြင့် စစ်ကိုင်းဒေသကြီးအတွင်းရှိအချို့နေရာဒေသများတွင် PDF များက ဝင်ရောက် တိုက်ခိုက်မှုများလုပ်ဆောင် လာကြောင်း၊ PDF များနှင့်အတူ KIA နှင့် AA တို့ ပါဝင်သည်ကို တွေ့၇ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုသည်။
ကာလုံအစည်းအဝေးသို့ ယာယီဒုသမ္မတ ဦးမြင့်ဆွေ၊.ယာယီ ဒုတိယသမ္မတဦးဟင်နရီ ဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ စကစ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ အထူးဖိတ်ကြား ခံရသည့် စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ စစ်ကောင်စီ တွဲဘက်အတွင်းရေးမှူး ရဲဝင်းဦးနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။
ကာလုံအစည်းအဝေးတွင် ယာယီဒုသမ္မတ ဦးမြင့်ဆွေက ယခုနယ်စပ်ဒေသတွင် ဖြစ်ပွားနေသောတိုက်ပွဲမှာ စစ်ကောင်စီတပ်က စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည် အစိတ်စိတ်အမွှာအမွှာကွဲသွားနိုင်ပြီး သေသေချာချာ စနစ်တကျကိုင်တွယ်သွားရန် လိုအပ်ကာ တိုင်းပြည်အတွက် အရေးကြီးသည့်ကာလဟုလည်းပြောဆိုသွားခဲ့သည်။ ( NN-30)