အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

(၁၀၂၇ စစ်ဆင်ရေး ၁၆ ရက်မြောက်နေ့တွင်း AA နှင့် MNDAA ပူးပေါင်း တပ်ဖွဲ့က စစ်ကောင်စီတပ်စခန်း ၁၃၆ ခုကို သိမ်းပိုက်ထားပြီဟုဆို)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် စစ်ရေးအရ ခြိမ်းခြောက်ခံလာရပြီး ယနေ့နံနက်ပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

အဆိုပါပစ်ခတ်မှုကို နိုဝင်ဘာလ ၁၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်  ကိုးကန့်တပ်ဖွဲ့က စစ်ရေးသတင်း ထုတ်ပြန်ချက်တွင်လည်း အတည်ပြုဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေး ၁၆ ရက်မြောက်နေ့တွင် ကိုးကန့် (MNDAA) က ရှီယွင်ကြည်ရွာအနီးရှိ စစ်ကောင်စီဗျူဟာကုန်း၏ တွဲဘက်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပြီး လားရှိုးရှိ စစ်ကောင်စီ တိုင်းစစ်ဌာနချုပ်ကိုလည်း အမြောက်ဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားသည်။

“ယနေ့နံနက် ၂ နာရီ ၂၃ မိနစ်နှင့် ၂ နာရီ ၅၈ မိနစ် အချိန်နှစ်ခုတွင် ကိုးကန့် (MNDAA) သည် လားရှိုးအမှတ် (၂) ရဲစခန်းနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အမြှောက်ဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ၏ (၄၁) ဗျူဟာကုန်း ကိုလည်း တချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်” ဟုဖော်ပြထားသည်။

ထို့အပြင် ယနေ့ နိုဝင်ဘာလ (၁၁) နေ့ နံနက် ၈ နာရီ ၁၀ မိနစ်တွင် ကိုးကန့် (MNDAA) သည် ရှီယွင်ကြည် ရွာ အနီး ဟဲ့ဟုတ်တောင်ရှိ (၁၂၈) ဗျူဟာကုန်း၏ တွဲဘက်စခန်း (၄)ခုကို တိုက်ခိုက်သိမ်းယူခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနှင့် လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


အောက်တိုဘာလ ၂၇ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ကစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၁၆ ရက်မြောက်နေ့တွင်း ရက္ခိုင့်တပ်တော် (AA) နှင့် ကိုးကန့်တပ်မတော် (MNDAA) ပူးပေါင်း တပ်ဖွဲ့က စစ်ကောင်စီတပ်စခန်း ၁၃၆ ခုကို သိမ်းဆည်းထားပြီဖြစ်ကြောင်း သိရှိရသည်။

အလားတူ ညီနောင်မဟာမိတ် ၃ဖွဲ့နှင့် ပူးပေါင်းပါ၀င်တိုက်ခိုက်နေသည့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှလည်း လွိုင်ကော်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး လွိုင်ကော်၊ ဒီမောဆို့၊ နမ့်မယ်ခုံနှင့် နန်းစံခမ်းဘက်ရှိ စစ်ကောင်စီ တပ်စခန်း (၇) ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေး (၁၆) ရက်မြောက် ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

တစ်ဘက်တွင်လည်း စစ်ကောင်စီက မဟာမိတ်ညီနောင် ၃ ဖွဲ့ သိမ်းယူထားသည့် စခန်းများကို ပြန်လည်ရယူ ရန် ကြိုးစားနေသော်လည်း မြေပြင်တွင် ထိရောက်မှုမရှိသည့်အတွက် လေကြောင်းတိုက်ခိုက်မှုကို အဓိကထား တိုက်ခိုက်နေသည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(NN-14) Photo-MNDAA


ပုံစာ- နိုဝင်ဘာလ (၁၀)ရက်နေ့က စစ်ကောင်စီ မိုင်ဟုန်းစခန်းကို သိမ်းပိုက်ရရှိပုံ

ဆက်စပ် သတင်းများ