တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရှမ်းမြောက်မှ မြို့နယ် ၈ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် မာရှယ်လောထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 786

မြောက်ပိုင်းညီနောင်မဟာမိတ်များသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ လက်လွှတ်ခဲ့ရသည့် ရှမ်းပြည်မြောက်ပိုင်းတွင် မြို့နယ် ရှစ်ခုကို စစ်အုပ်ချုပ်ရေးအမိန့် မာရှယ်လောကို စစ်ကောင်စီက ထုတ်ပြန်သည်။

ယင်းသို့စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်လိုက်သည့်မြို့နယ်များမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဒေသ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊လားရှိုး၊ သိန်းနီမြို့နယ်နှင့် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (လောက်ကိုင်) နယ်မြေမှ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

ယနေ့နိုဝင်ဘာလ ၁၂ နေ့စွဲဖြင့် စစ်ကောင်စီအတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဆိုပါမြို့နယ်များရှိ စစ်ကောင်စီတိုင်းမှူးများအား စစ်အုပ်ချုပ်ရေးအာဏာ အပ်နှင်းကြောင်း အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

" နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ - အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ် အတွင်းရှိ အောက်ပါ မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်" ဟု အမိန့်စာထဲတွင် ရေးသားထားသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်ကစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၏ ၁၆ ရက်တာကာလအတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် ကိုးကန့်တပ်မတော် (MNDAA) ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်စခန်း ၁၃၆ ခုကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

အလားတူ ညီနောင်မဟာမိတ် ၃ဖွဲ့နှင့် ပူးပေါင်းပါ၀င်တိုက်ခိုက်နေသည့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှလည်း လွိုင်ကော်မြို့အနီးရှိ စစ်ကောင်စီ တပ်စခန်းများကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး လွိုင်ကော်၊ ဒီမောဆို့၊ နမ့်မယ်ခုံနှင့် နန်းစံခမ်းဘက်ရှိ စစ်ကောင်စီ တပ်စခန်း (၇) ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ညီနောင် မဟာမိတ် ၃ဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေး (၁၆) ရက်မြောက် ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ယနေ့နိုဝင်ဘာလ ၁၂ ရက်တွင်လည်း ကွမ်းလုံမြို့ကို ကိုးကန့် MNDAA က အပြီးတိုင် သိမ်းပိုက် ရရှိပြီးနောက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းမီးကျောက်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများကို ထုတ်ဖော်ပြသခဲ့သည်။

မြေပြင်ထိုးစစ်များတွင် အထိနာနေသည့်စစ်ကောင်စီသည် သိမ်းပိုက်ခံထားရသည့်တပ်စခန်းများအား ပြန်လည်ရယူနိုင်ရေး လေကြောင်းမှတိုက်လေယာဥ်များအသုံးပြုမှုရှိနေကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ကထုတ်ပြန်ထားသည်။(NN-23)

ဆက်စပ် သတင်းများ