ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒကစ (လောက်ကိုင်)လက်အောက်ခံ တပ်ရင်း ခမ၇ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့်တပ်ရင်းတစ်ရင်းလုံးလူပေါင်း (၂၆၂) ဦးသည် နိုဝင်ဘာ၁၂ ရက်က လက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့သည်ဟု ညီနောင်မဟာမိတ်၃ ဖွဲ့က သတင်းထုတ်ပြန်သည်။
ထိုသို့ ဝင်ရောက်လာရာတွင် တပ်ရင်းတစ်ခုလုံး စစ်သားများနှင့်အတူ တပ်မိသားစုဝင်များအားလုံးကိုခေါ်ဆောင်ကာ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ထံသို့ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြည်သူ့ရင်ခွင်ခိုလှုံလာသူများအထဲတွင် ရဲဘော်ရဲဘက်၊ တပ်ဖွဲ့ဝင် (၁၂၆)ဦးနှင့်အတူ တပ်ဖွဲ့ဝင်များ၏ မိသားစု၊ သားသမီး၊ ညီအစ်ကိုမောင်နှမ (၁၃၄) ဦးပါဝင်ပြီးစစ်ဘက်အရပ်ဘက် စုစုပေါင်း (၂၆၂) ဦး ဖြစ်ကြောင်း သိ၇သည်။
ကိုးကန့်အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင်အခြေချတပ်ရင်းတစ်ခုဖြစ်သော ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမ၇ (၁၂၉) မှတပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး နှင့်တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ထံသို့ဆက်သွယ်ပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၈) နာရီ (၃၀) မိနစ်အချိန်တွင် ပြည်သူ့ ရင်ခွင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
ပြည်သူ့ရင်ခွင်အတွင်းသို့ဝင်ရောက်လာကြသူတစ်ဦးချင်းစီအားမြန်မာကျပ်ငွေ (၁၀ သိန်း)၊ ၎င်းတို့၏ မိသားစုဝင်တစ်ဦးချင်းစီအား တစ်ဦးလျှင် (၁)သိန်းကျစီ ချီးမြှင့်ပေးအပ်ခဲ့ပြီး ကျန်းမာရေးချိုယွင်း၊ကျန်းမာရေးမကောင်းသူများကိုလည်း မိမိတို့မှ အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုစောင့်ရှောက် ပေးလျက်ရှိကာ ၎င်းတို့သွားလိုရာနေရာများအသီးသီးသို့လည်းလုံခြုံစွာ ပို့ပေးထားခဲ့ပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။
အသက်၊အန္တရာယ်ကို ငဲ့ညာထောက်ထား သောအားဖြင့် တပ်ရင်း တစ်ရင်းလုံးကို ဦးဆောင် ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူးဗိုလ်မှူး ကျော်ရဲအောင်အား မိမိတို့သာမက မြန်မာပြည်သူလူထု တစ်ရပ်လုံးမှလည်း ရဲရင့်သောသူရဲကောင်းတစ်ဦးအဖြစ် အမြဲတမ်း မှတ်တမ်းတင်ဂုဏ်ပြုကြမည်မှာ အမှန်ပင်ဖြစ်ကြောင်းဖြင်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီလက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းနှိုးဆောင်ချက်အား ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ထုတ်ပြန်ပြီး နောက်ပိုင်းတွင်မြန်မာ့တပ်မတော်သားများသာမက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါ ညီနောင်မဟာမိတ် (၃)ဖွဲ့မှ တစ်ဆင့် ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်လာကြသည့် အရေအတွက်မှာ (၂၀၀) ကျော်အထိ ရှိခဲ့ပြီဖြစ်သည်ဟု ဆိုထားသည်။
ညီနောင်မဟာမိတ်(၃) ဖွဲ့ ရောက်ရှိလာကြသောပြည်သူ့ရင်ခွင် ခိုလှုံကြသူများအား-
(၁)၎င်းတို့၏ အသက်၊ အန္တရာယ် လုံခြုံရေးကို အထူး အာမခံပြီး လူ့ဂုဏ်သိက္ခာ၊စစ်သားဂုဏ်သိက္ခာ မထိ ခိုက်ရအောင် ဆောင်ရွက်ပေးသွားပါမည်။
(၂)မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှုမျိုးကိုမှ မပြုလုပ်ပါ။
(၃)မိသားစု၊ ဆွေမျိုးများနှင့် အမြန်ဆုံး ပြည်လည်ပေါင်းစည်းခွင့်ရအောင် အတတ်နိုင်ဆုံးကူညီဆောင်ရွက် ပေးသွားပါမည်။
(၄)လမ်းခရီးတွင် သွားလာရန်အတွက် လိုအပ်မည့် ခရီးစရိတ်များကို အတတ်နိုင်ဆုံးကူညီထောက်ပံ့ ပေးသွားပါမည်။
(၅)မကျန်းမမာဖြစ်နေသောသူများ၊ ဒဏ်ရာရရှိနေသောသူများကိုလည်း မိမိတို့တွင်ရှိသောကျန်းမာရေး ဝန်ဆောင်မှု၊ စောင့်ရှောက်မှု၊ ကုသမှုများဖြင့် အတတ်နိုင်ဆုံးစောင့်ရှောက်ပေးသွားပါမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ (NN-30)