(မွန်ပြည်နယ်တွင် တပ်မ ၂၂ မှ တပ်သား ၂၃ ဦး လက်နက်ချအညံ့ခံ)
တော်လှန်ရေးတပ်ပေါင်းစုများက မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ကောင်စီတပ်များကို ဆက်လက် တိုက်ခိုက်နေရာ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြိုတပ်စခန်းတစ်ခုနှင့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ ရဲစခန်းတစ်ခု တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်နိုင်ခဲ့ပြီး မွန်ပြည်နယ်တွင် တပ်မ (၂၂) မှ တပ်သား ၂၃ ဦးတို့ အညံ့ခံ လက်နက်ချလာခဲ့သည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာက သတင်းထုတ်ပြန်သည်။လွန်ခဲ့သည့် နိုဝင်ဘာလ (၁၅)ရက်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့၊ စက်တော်စေတီကုန်းတွင် အထိုင်ချထားသည့် အမှတ် (၂) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ရှိ အမှတ် (၅၁၈) ခြေမြန် တပ်ရင်း (ခမရ- ၅၁၈) စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။
၎င်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရှမ်းတောင် တိုင်းစစ်ဌာနခွဲ လက်အောက်ခံ၊ PDF များနှင့် KNDF တို့ ပူးပေါင်းဆင်နွှဲခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
၎င်းပြင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာ ရဲစခန်းကို နိုဝင်ဘာလ (၁၅) ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ဖော်ပြသည်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အဆိုပါနေ့ နေ့လယ် (၁) နာရီတွင် ရဲစခန်းရှိ ရဲနှင့် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်သွားခဲ့ကြပြီးနောက် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
နိုဝင်ဘာလ (၁၃) ရက်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ (၂၂) လက်အောက်ခံ အင်အား (၅၀) ဦးပါ စစ်ကြောင်းမှ (၂၃) ဦးသည် ပြည်သူ့တော်လှန်ရေး အဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲတွင်
တပ်ရင်းမှူးနှင့် အရာရှိ (၁) ဦး အပါအဝင် (၁၄) ဦး သေဆုံး၊ အရာရှိ (၁) ဦး အပါအဝင်
(၅) ဦး အရှင်ဖမ်းမိပြီး နောက်ထပ် အရာရှိ (၁) ဦးအပါအဝင် (၈) ဦး ပျောက်ဆုံးနေဆဲ
ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ (NN-30)
ပုံစာ- မိုးဗြဲမြို့၊ စက်တော်စေတီကုန်းမှ သိမ်းဆည်းရမိသောလက်နက်များနှင့် တပ်မ ၂၂ မှ လက်နက်ချအညံ့ခံလာသော စစ်ကောင်စီတပ်သားများ(NUG)