သောကြာ၊ ဇွန်လ ၁၄ရက်၊ ၂၀၂၄

စစ်တွေ ကန်တော်ကြီးရပ်ကွက်မှ လူငယ်တစ်ဦးနှင့်အမျိုးသားတစ်ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်မှ လူငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးကို ယနေ့ည ၉ နာရီကျော်ခန့်က စစ်ကောင်စီတပ်သားများမှ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ ကန်တော်ကြီးရပ်ကွက် အကွက် (၄)မှ ကိုမြတ်ထူးနိုင်နှင့် ၎င်းနှင့်တစ်အိမ်တည်းနေ ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ယနေ့ညကိုးနာရီခွဲတွင် ၎င်းတို့၏နေအိမ်မှ စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

"သူတို့အိမ်ထဲဝင်လာပြီး ဖမ်းသွားကြတာပါ။ အိမ်ထဲကလူတွေကိုလည်း အကုန်စစ်တယ်။ ဟိုတစ်နေ့ကမင်းဂံမှာ စစ်သားတွေ ဒေသခံတွေကိုလာဖမ်းတဲ့ပုံတွေတင်လို့ဆိုပြီး ဖမ်းသွားတာ" ကန်တော်ကြီးရပ်ကွက်ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် ကိုမြတ်ထူးနိုင်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်၊ ညနေပိုင်းက မင်းဂံရပ်ကွက်နှင့် ကန်တော်ကြီးရပ်ကွက်သို့ စစ်ကောင်စီတပ်သားများ အင်အား ၁၀ ကျော်ဖြင့် ဝင်ရောက်လာသည့် ဓာတ်ပုံများအား ရိုက်ကူးပြီးလိုင်းပေါ်တင်ခဲ့သည်ဟု ဆိုကာ ဓာတ်ပုံ၏ နောက်ခံနေရာနှင့် ၎င်းတို့အိမ်တည်ရှိရာရှုထောင့်ကိုရှာဖွေကာ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်သားများက မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း မသိရသေးပေ။

ယနေ့ညနေပိုင်း ၈ နာရီခန့်မှစ၍ စစ်တွေမြို့ မင်းဂံရပ်ကွက်နှင့် ကန်တော်ကြီးရပ်ကွက်တွင် စစ်ကောင်စီတပ်သားများက လှည့်လည်သွားလာနေသဖြင့် ဒေသခံများအနေဖြင့် လုံခြုံရေး အခြေအနေကို စိုးရိမ်နေကြရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်က၊ စစ်ကား ၄ စီးစာအင်အားရှိသော စစ်ကောင်စီတပ်သားများသည် မင်းဂံရပ်ကွက်နှင့် ကန်တော်ကြီးရပ်ကွက်ရှိ ဒေသခံဆယ်ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့အနက် တစ်ချို့တဝက်မှာလည်း ပြန်လည်လွတ်မြောက်လာပြီး တချို့မှာလည်း ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။

ပြည်နယ်မြို့တော် စစ်တွေတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်က ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲများပြန်လည်စတင်လာခဲ့ပြီးနောက် ပြည်နယ်အစိုးရရုံးအနီးနားတဝိုက်လမ်းများကို လုံခြုံရေးတိုးမြှင့်ကာပိတ်ဆို့ထားသည်။

ဆက်စပ် သတင်းများ