ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက နိုဝင်ဘာ ၂၄ရက် နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း လူထုနွေဦးThe people's springတွင် သတင်းဖော်ပြသည်။
ယခု သိမ်းပိုက်မှုသည် ချင်းပြည်နယ်ထဲမှာ ဒုတိယမြောက်သိမ်းပိုက်နိုင်ခဲ့သည့် မြို့ဖြစ်ပြီး လိုင်လန်းပီမြို့တွင် ချင်းအမျိုးသားအလံကိုလည်း လွှင့်ထူလိုက်ပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
လိုင်လင်းပီမြို့ရှိစစ်ကောင်စီစခန်းကို နိုဝင်ဘာ ၁၉ ရက်ကစပြီး ချင်းတော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့ပြီး ၆ ရက်မြောက်နေ့ နိုဝင်ဘာ ၂၄ ရက် နံနက်အစောပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်က၅ ကြိမ်ခန့် တိုက်လေယာဉ်ဖြင့် ဗုံးလာကြခဲ့ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီ တပ်သားများထွက်ပြေးသွားသဖြင့် လက်နက်ခဲယမ်းများ အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်များက ပြောသည်။
ချင်းပြည်နယ်ရှိမြို့ပေါ်နေရာများမှာသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး မြို့တစ်မြို့နှင့် တစ်မြို့ ဆက်သွယ်ထားသည့် ဆက်သွယ်ရေးလမ်းကြောင်းများအားလုံးကိုချင်းဒေသကာကွယ်ရေးတပ်(CDF)နှင့် CNA တပ်များကထိန်းချုပ်ထားပြီဟု CNFCNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ပြောသည်။
ချင်းပြည်နယ်၏ ဧရိယာ၇၅ ရာခိုင်နှုန်းကျော်ကိုချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီး မြို့နှင့် ၅ မိုင်ပတ်လည်ဝန်းကျင်ကိုသာစစ်ကောင်စီတပ်က ထိန်းချုပ်နိုင်သည်ဟု ဆလိုင်းထက်နီက ပြောဆိုသည်။ (NN-30)