တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရန် အလားအလာကောင်းများ တွေ့မြင်နေရဟုအင်ဒိုနီးရှားပြောကြား


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

( ပဋိပက္ခတွင် အဓိကပါဝင်နေသော အဖွဲ့အစည်းများ​၏တွေ့ဆုံဆွေးနွေးပွဲတစ်ခု အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ဟုဆို )

 မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး သုံးနှစ်ကြာသည်အထိ ပျက်ပြားနေခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည်စတင်ရန် အလားအလာကောင်းများ တွေ့ရှိရသည်ဟု အင်ဒိုနီးရှားနိုင်ငံက နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

 

 အင်ဒိုနီးရှားနိုင်ငံသည် မြန်မာ့နိုင်ငံရေး ပဋိပက္ခတွင် အဓိက ပါဝင်ပတ်သက်နေကြသည့် အဖွဲ့အစည်းများ​၏ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ (၂၀)ရက်မှ (၂၂)ရက်အထိ ဂျာကာတာမြို့တွင် ဦးဆောင်လက်ခံကျင်းပပေးခဲ့သည်။

 

အဆိုပါဆွေးနွေးပွဲသို့ ဒီမိုကရေစီလိုလားသော အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ကောင်စီဘက်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု ဖော်ပြထားပြီး မည်သူ မည်ဝါ တက်ရောက်ခဲ့သည်ကိုမူ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

 

 အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ် အာဆီယံအဖွဲ့ဥက္ကဌ တာဝန်ယူထားရပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အဖြေရှာရန် ကြိုးပမ်းနေခဲ့သော်လည်း အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီက ပျက်ကွက်နေသည့်အတွက် ရလဒ်တစ်စုံတစ်ရာ မရရှိဘဲ ဖြစ်နေခဲ့သည်။

 

ဂျာကာတာ တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု သိရှိရသည်။

 

" အဓိက ရည်ရွယ်ချက်ကတော့ ပဋိပက္ခဖြစ်နေကြတဲ့ အဖွဲ့အစည်းတွေအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပေါ်ပေါက်လာဖို့၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ လျှော့ချဖို့၊ ပဋိပက္ခကြောင့် စစ်ရှောင်နေကြရတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အမြန်ဆုံးပေးပို့နိင်ဖို့ပဲ ဖြစ်တယ်" ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန​၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 

" အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ရုံးကလည်း အဖွဲ့အစည်းအသီးသီးက မှာကြားလိုတဲ့ သတင်းစကားတွေကို အပြန်အလှန် ရောက်ရှိအောင် ကူညီပေးခဲ့ပြီး နောင် ဖြစ်ပေါ်လာဖွယ်ရှိတဲ့ အကြိုဆွေးနွေးပွဲအတွက် လမ်းဖွင့်ပေးခဲ့တယ်" ဟု ဆက်လက်ဖော်ပြထားသည်။

 

 အင်ဒိုနီးရှားနိုင်ငံသည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် ထိရောက်ပြီး ခိုင်မာသော အဖြေတစ်ခု ရရှိရေးအတွက် အားလုံးပါဝင်သည့် အမျိုးသားတွေ့ဆုံဆွေးနွေးပွဲတစ်ခု ပေါ်ပေါက်လာစေရန် မျှော်လင့်လျှက်ရှိသည်။

 

 သို့သော် မြန်မာ့အရေး သံတမန်နည်းအရ အဖြေရှာရန် ကြိုးပမ်းမှုများ အောင်မြင်မှုမရသေးဘဲ ယခုချိန်တွင် မတည်ငြိမ်မှုနှင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနေဆဲဖြစ်သည်။

 

စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များအကြား မကြာမီက ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများကြောင့် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အများဆုံးအဖြစ် လူပေါင်း ၂၈၆၀၀၀ ကျော် နေရပ်စွန့်ခွါထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

NN-27

 ref:cna

 

ဆက်စပ် သတင်းများ