စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေး (၁)လအတွင်း မျှော်မှန်းထားသည်ထက် ပိုမိုအောင်မြင်မှုရရှိခဲ့ဟု MNDAA ဆို


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 803

ညီနောင်မဟာမိတ် (၃) ဖွဲ့ဦးဆောင်ကာ အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် လက်ရှိတွင် တစ်လပြည့်သွားခဲ့ပြီဖြစ်ကာ အဆိုပါ ၁ လအတွင်း  မျှော်မှန်းထားသည်ထက် ပိုမိုအောင်မြင်မှု ရရှိခဲ့သည်ဟု အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ပြောခွင့်ရသူ လီကျားဝင်းက  နိရဉ္စရာကို ပြောသည်။

အောင်မြင်မှုများနှင့်အတူ ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်သွားပြီဖြစ်သဖြင့် စစ်ဆင်ရေးကို တစ်ဆင့်တက်ကာ (Nationwide Operation ) တစ်နိုင်ငံလုံး လူတိုင်း ပါဝင်သော စစ်ဆင်ရေးကြီး ဖြစ်ပေါ်လာအောင် ဟန်ချက်ညီ စစ်ဆင်ရေးကို ဖော်ဆောင်သွားမည်ဟု ဆိုသည်။ 

ယင်းမှသာလျှင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်နိုင်မည် ဖြစ်၍ ဤစစ်ဆင်ရေးကြီးတွင် လူတိုင်း၊ တစ်ယောက်ချင်းစီတိုင်း ပါဝင်ကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

"အခုကျနော်တို့ အဓိကလှုပ်ရှားနေတာတော့ ရှမ်းမြောက်ပေါ့နော်။ ဒါကို Nationwide အဖြစ်တော့ ဖော်ဆောင်သွားဖို့ရှိပါတယ်ဗျ"ဟု လီကျားဝင်းက ပြောသည်။


စစ်ကောင်စီအနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းလာလျှင်လည်း ညီနောင်မဟာမိတ် (၃) ဖွဲ့က လက်ခံမည်မဟုတ်ဟု သူက ပြောသည်။

"ဆွေးနွေးဖို့ ကမ်းလှမ်းတာကတော့ ရှိလား၊ မရှိလား ကျနော့်အနေနဲ့မသိရဘူးဗျ။ ဒါပေမယ့် တကယ်လို့ သူတို့ဘက်ကကမ်းလှမ်းလာရင်လည်း ကျနော်တို့ဘက်က လက်ခံမှာ မဟုတ်ဘူးဗျ" ဟု ပြောသည်။

လက်ရှိမှာ ညီနောင်မဟာမိတ် (၃)ဖွဲ့က မြို့ ၉ မြို့နှင့် စစ်ကောင်စီ တပ်စခန်းပေါင်း ၂၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်း ၎င်းကဆက်ပြောသည်။ 

"လက်ရှိ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ စခန်းသိမ်းရရှိမှုက ၂၀၀ ကျော်ကျော်လောက်ရှိပြီ။ အဲ့ဒီ အထဲမှာ အထူးဒေသ (၁) အထဲမှာရှိတဲ့တပ်စခန်းကတော့ ၁၈၀ လောက်ရှိပါတယ်" ဟု သူက ဆက်ပြောသည်။ 

ညီနောင်မဟာမိတ် (၃)ဖွဲ့ နှင့် နွေဦးတော်လှန်ရေးတွင်ပါဝင်နေသည့် အင်အားစုများ ညီညွတ်ပါက နွေဦးတော်လှန်ရေး မုချအောင်မြင်နိုင်သည်ဟု မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။

"နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ အင်အားစုတွေနဲ့ ညီနောင်သုံးဖော်ကြားထဲမှာ ပဋိပက္ခတွေ၊ ငြင်းခုံမှု၊ နောက်ပြီးတော့ သဘောထားကွဲပြားမှုတွေ မဖြစ်ဘဲနဲ့ နှစ်ဦးနှစ်ဘက်က COC ပေါ့ဗျာ။ Join Command အဖြစ်တည်ဆောက်ပြီးတော့ စစ်ကောင်စီရဲ့ နေပြည်တော်ကို ဝိုင်းဝန်း တိုက်ခိုက်နိုင်ဖို့အဓိကပဲ။ အဲ့ဒီဟာကို ညီညွတ်အောင်တည်ဆောက်နိုင်လို့ရှိရင်တော့ ကျနော်တို့ နွေဦးတော်လှန်ရေး မုချအောင်ပွဲခံနိုင်မှာပါ"ဟု ပြောသည်။

ညီနောင်မဟာမိတ် (၃) အနေဖြင့် ရည်မှန်းထားသော စစ်ဆင်ရေးအစီအမံများကို တစ်ခုပြီး တစ်ခု ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး စစ်ဆင်ရေးအရှိန် ကိုလည်း ရပ်တန့် မသွားရအောင် အခြားသော မိတ်ဖက်အဖွဲ့အစည်းများ၊တော်လှန်ရေး အဖွဲ့အစည်းထဲမှ နွေဦး ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့ အစည်းများ၊ ဘုံရည်မှန်းချက် တူညီသော အဖွဲ့အစည်းများနှင့်အတူတကွ ဆင်နွှဲ လျက်ရှိသည်ဟု ဆိုထားသည်။ (NN-7)

ဆက်စပ် သတင်းများ