(လက်နက်ချ အလင်းဝင်လာသူ ၂၇၂ ဦးရှိဟုဆို)
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်း(၁၂၅)တစ်ရင်းလုံးမှာ အလံဖြူထောင်ပြီး ကိုးကန့် MNDAA ထံ လက်နက်ချအလင်းဝင်ခဲ့သည်ဟု သတင်းရရှိသည်။
လက်နက်ချအလင်းဝင်သူများ အထဲတွင်ခလ၇ (၁၂၅)အဖွဲ့ဝင် (၉၃)ဦး ၊ စကခ(၁၆)အဖွဲ့ဝင်(၃၆)ဦး ၊ ကော်မျိုးနွယ် ပြည်သူ့စစ်အဖွဲ့ဝင်(၂၇)ဦး(ဗမာလူမျိုး) ၊ စကခ(၁၂)အဖွဲ့ဝင်(၁၄)ဦး ၊ စစ်မိသားစုဝင်(၈၆)ဦး ၊ စစ်ဆင်ရေးအကြံပေးသူ(၅)ဦး နှင့် ရဲအဖွဲ့ဝင်(၁၁)ဦး စုစုပေါင်း(၂၇၂) ဦးဖြစ်ကြောင်းMNDAA သတင်းထုတ်ပြန်သည်။
MNDAAသည်သမိုင်းဝင် စစ်အောင်ပွဲကြီးလို့သတ်မှတ်နိုင်သည့် အောင်မြင်မှုတစ်ခု ကို နိုဝင်ဘာလ၂၈ ရက်နေ့တွင် ထပ်မံဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ နှစ်ပေါင်း(၃၀)နီးပါး ထိန်းချုပ်ခဲ့သော ကိုးကန့်ကုန်းကြမ်းတပ်စခန်းကြီး ကိုအပြက်သိမ်းပိုက်နိုင်ခဲ့ကာ ရှင်းဝမ်ဒေသ တစ်ခုလုံးကိုလည်းပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။
နိုဝင်ဘာလ၂၄ ရက်နေ့တွင် MNDAAသည်ရှင်းဝမ်ဒေသ ကုန်းကြမ်းနေရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းများကိုစတင်ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆက်မပြက်ထိုးစစ်ဆင် တိုက်ခိုက်မှုဖြင့်နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကုန်းကြမ်းစခန်းကုန်းအပါအဝင် တာရှမ် ၊ တာတွေတွေ၊ စံခေါ်ကျွမ်နေရာရှိစခန်းငယ်များ၊ ကျင်ထနှင့်ချင်ချိုင့်ထန်နေရာရှိတပ်စခန်းများကို တပ်စခန်းအားလုံးကို အပြတ်သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။
နိုဝင်ဘာလ၂၈ ရက်နေ့အထိ MNDAAသည်ကုန်းကြမ်းဒေသရှိ စစ်ကောင်စီ တပ်စွဲထားသောတပ်စခန်း (၅)ခုနှင့် ဘေးပတ်လည်ယာယီစခန်းများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။
MNDAA၏အရှိန်အဟုန်ပြင်းစွာ ပစ်ခတ်တိုက်ခိုက်မှုအောက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း(၁၂၅)တစ်ရင်းလုံးမှာအလံဖြူထောင်ပြီး လက်နက်ချအလင်းဝင်ရန် အချက်ပြခဲ့ကြောင်း၊ထို့နောက်၎င်းတပ်ရင်းမှတပ်ရင်းမှူးသည် ရဲဘော်တစ်ယောက်နှင့် အတူ MNDAAထံသို့ရောက်လာပြီး လက်နက်ချ အလင်းဝင်ရန်ဆွေးနွေးတောင်းဆိုခဲ့ပြီး ဒဏ်ရာရလူနာများကိုကုသကယ်ဆယ်ပေးရန်နှင့်မိသားစုဝင်များ၏ နေထိုင်ရေးချပေးရန် အကူအညီတောင်းခံခဲ့ ပါသည်။
၎င်းတို့တောင်းဆိုချက်များကို သဘောတူညီပြီးနောက်ညနေ(၁၆)နာရီခန့်တွင် ၎င်းတပ်ရင်းမှူးသည် လက် အောက်ငယ်သားများအားလုံးခေါ်ဆောင်ပြီး MNDAAထံသို့ လက်နက်ချ အလင်းဝင်လာခဲ့ပါသည်။
၎င်းတပ်ရင်းမှူး၏ပြောဆိုချက်အ၇စစ်ကောင်စီစကခ(၁၆)၏ စကခမှူးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင်အဖွဲ့ဝင်(၁၀၀)ကျော်ခေါ်ဆောင်ပြီး ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။( NN-30)