စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ကရင်ပြည်နယ်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေ၍ ရဟန်းတော်တစ်ပါးအပါအဝင် ၂ ဦးသေဆုံးပြီး နေအိမ်များပျက်စီး


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၂ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 678

ကရင်ပြည်နယ်တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်၍ ရဟန်းတော်တစ်ပါးအပါအဝင် ၂ ဦး သေဆုံးခဲ့ရပြီး လူနေအိမ် အဆောက်အဦများလည်း အများအပြားပျက်စီးမှုရှိခဲ့သည်ဟု သတင်း ရရှိသည်။

ကရင်ပြည်နယ်၊  ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ ကျုံဒိုးမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့ နံနက် (၀၁း၅၀) မိနစ် အချိန်၌  အကြမ်းဖက်စစ်ကောင်စီ ဂျက်လေယာဉ်မှ ပေါင် (၅၀၀) ဗုံး (၂) လုံးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့  မိကသစ်ကျေးရွာ အုပ်စုအတွင်း ကြဲချခဲ့ရာ ဘဏ္ဍာဓန တောရ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး သက်တော် (၄၂) နှစ်၊ ဝါတော် (၂) ဝါရှိ သံဃာ ဦးဇင်းဦးသောမ ဗုံးစထိမှန်ကာ ပျံလွန်တော်မူခဲ့ရသည်ဟု  KNUက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ (၁) ရက်နေ့ နံနက် (၀ဝး၁၇) မိနစ် အချိန်ခန့်တွင်လည်း ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများအတွင်းသို့ တိုက်လေယာဉ်  (၂) စင်းမှာ ပေါင် (၅၀၀) ဗုံး (၄) လုံးအား နှစ်ဖက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများနေထိုင်ရွာ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖန်းခါးကုန်းကျေးရွာနေဇနီးမောင်နှံ နှစ်ဦးဖြစ်သည့် ကျော်လုံဖဝ်ု (၄၀) နှစ် မှာ (ဦးခေါင်းထိမှန် မစိုးရိမ်ရ) ဒဏ်ရာရခဲ့ပြီး ၎င်း၏ ဇနီး မုသိန်းထွန်း (၂၅) နှစ် မှာ ဦးခေါင်းခွံပေါက်ကွဲ ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ရသည်။


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလေတပ်၏ ထိုဗုံးများမှာ ဖန်းခါးကုန်းကျေးရွာ နှင့် နန်းရွှေမှုံကျေးရွာများ အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး နောင်နိုင်း ကျေးရွာနေ ဖော့လာစူး ၏ နေအိမ် (၁) လုံး၊ ရှားထူးဝေါ် တို့၏ နေအိမ် (၁) လုံး အပါအဝင် ကျော်လုံဖဝ်ုနှင့် မုသိန်းထွန်း ဇနီးမောင်နှံ၏ နေအိမ်တို့မှလည်း ဗုံးကျည်ထိမှန် ပျက်စီးခဲ့ရသည်။

၎င်းတိုက်လေယာဉ်များသည် နေပြည်တော်လေတပ်မှ တက်လာသော Yak-130 Jet fighter ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော့ကရိတ်မြို့အခြေစိုက် ခလရ−၉၇ တပ်ရင်းမှ နိုဝင်ဘာလ (၂၉) ရက် ညနေ (၅း၃၀) မိနစ် အချိန်ခန့်တွင် လက်နက်ကြီးများကို ပစ်ခတ်ခဲ့ရာ မောင်းမရွာသစ်ကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့၍ ဒေါ်ရင်သောင်း (၆၅) နှစ်မှာ ဘယ်ဘက် လက်မောင်း ကျည်စ ထိမှန် ဒဏ်ရာရခဲ့ပြီး  ၎င်း ည (၉း၃၀) မိနစ် အချိန်တွင်လည်း ထိုတပ်မှ လက်နက်ကြီးများကို ဒုတိယ အကြိမ် ထပ်မံပစ်ခတ်ခဲ့ရာ မောင်းမရွာသစ်ကျေးရွာ ဘ/က ဘုန်းကြီးကျောင်း အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းရပ်ထားသော ဦးမြင့်စိုး၏ ကားတစ်စီး နှင့် ဒေါ်မု ၏ကားတစ်စီး ထိမှန် ပျက်စီးခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ ( NN-30)

ဆက်စပ် သတင်းများ