အမျိုးသားဒီမိုကရေစီပါတီသစ် လက်ရှိဥက္ကဋ္ဌ ဦးသန်းထွန်း (၅၄) နှစ်သည်သူ့နေအိမ်တွင် ဖွင့်ထားသည့်မိတ္တူဆိုင်တွင် ဒီဇင်ဘာ ၁ ရက်နေ့က သေနတ်ဖြင့် လုပ်ကြံခံသတ်ဖြတ်ခံလိုက်ရသည်ဟု သတင်းရရှိသည်။
ဦးသန်းထွန်းအား ၎င်း၏ သင်္ဃန်းကျွန်းနေအိမ်တွင် ဖွင့်လှစ်ထားသည့် မိတ္တူဆိုင်သို့ အနက်ရောင်အင်္ကျီ ဝတ်ဆင်ထားသည့်လူငယ်နှစ်ဦးက မိတ္တူကူးရန် ပုံစံမျိုးဝင်ရောက်လာပြီး အနီးကပ် သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ရန်ကုန် အခြေစိုက် မီဒီယာများတွင် သတင်းဖော်ပြသည်။
၎င်းဖြစ်စဉ် ဒီဇင်ဘာ ၁ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ သင်္ဃကျွန်းမြို့နယ်၊ငမိုးရိတ် ရပ်ကွက်၊ (၃) လမ်းရှိ ဥက္ကဋ္ဌ ဦးသန်းထွန်း၏ နေအိမ်၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျည်ဆံ (၈) ချက်ထိမှန်ခဲ့သည်ဟု ဆိုသည်။
၈၈ မျိုးဆက်တဦးလည်းဖြစ်သည့် ဦးသန်းထွန်းသည်ရှေ့နေကြီးဦးသိန်းညွန့် တည်ထောင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီပါတီသစ် လက်ရှိဥက္ကဋ္ဌဖြစ်ပြီး မြောက်ဥက္ကလာပဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့သည်ဟုသိ၇သည်။
၎င်းလုပ်ကြံမှုကို ငမိုးရိပ် MissionNetwork က သူတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဦးသန်းထွန်းသည် စစ်တပ်အာဏာသိမ်းမှုကိုထောက်ခံခဲ့သူ ဖြစ်ကြောင်း၊ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်းအတိုက်အခံများကိုစစ်တပ်က နှိပ်ကွပ်မှုနှင့် လက်နက်ကိုင် တိုင်းရင်းသားနယ်မြေများတွင် ဗုံးကြဲမှု စသည့် လုပ်ရပ်များ အပေါ်ဦးသန်းထွန်းက ထောက်ခံခဲ့သူ ဖြစ်ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်သည့် ကြေညာချက် ဖော်ပြထားသည်။ ( NN-30)
Photo: Thet Htwe Naing - FreelanceJournalist