အာဏာရှင် စစ်အုပ်စုအကျိုးစီးပွားကို အသက်နှင့်လဲပြီး ကာကွယ်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲတပ်ဖွဲ့ ဝင် များ ပြည်သူ့ရင်ခွင်ခိုလှုံလာပါက အသက်နှင့်ဘေးကင်းလုံခြုံမှုကို အပြည့်အ၀ အာမခံမည်ဟု ချင်းပြည်နယ်မှ တော်လှန်ရေး အင်အားစု တစ်ခုဖြစ်သည့် မရာလဲန်းကာကွယ်ရေး တပ်ဖွဲ့ MaralandDefense Force (MDF) ကကြေငြာချက် ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ (၂)ရက်နေ့ထုတ်ပြန်သည့် အဆိုပါထုတ်ပြန်ချက်တွင် “စစ်အာဏာရှင် စစ်အုပ်စုတစ်စု၏အကျိုး စီးပွားအား အသက်နှင့်လဲပြီး ကာကွယ်နေခြင်းကို ချက်ချင်းစွန့်လွှတ်၍ပြည်သူ့ရင်ခွင့်သို့ အမြန်ဆုံး လက်နက် ချ အလင်းဝင်ရန်နှင့်မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) သည်အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှုဥပဒေ (IHL) နှင့်အညီ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးအပြည့်အ၀ အာမခံသည်” ဟုဖော်ပြထားသည်။
လက်ရှိအချိန် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့MDF မှာပလက်၀မြို့နယ်အတွင်း နိုဝင်ဘာလ (၁၄) ရက်နေ့မှစ ပြီးစစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရန် ရက္ခိုင့်တပ်တော်နှင့်အတူလက်တွဲတိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်ဟု သိရသည်။
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက်ချင်းတော်လှန်ရေး အင်အားစုများအပါအဝင် တခြား တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းရန် Chinland Defense Force –Mara နှင့် MaraArmy တပ်ဖွဲ့ ၂ခုကိုပေါင်းစည်းပြီး Maraland Defense Force -MDF အဖြစ် ၂၀၂၂ ခုနှစ် အစပိုင်းတွင်ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။
ချင်းပြည်နယ် ထန်တလန်၊မတူပီးနှင့် ပလက်၀မြို့နယ်အတွင်းရှိ မရာမျိုးနွယ်စုနယ်မြေများအား တစ်စုတစည်းတည်းထားရှိပြီး ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာကာလုပ်ဆောင်နိုင်ရန်အတွက် မရာလူမျိုးစု ကြားကာလ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီကိုလည်းဖွဲ့စည်းထားကြောင်းသိရှိ၇သည်။