ကြာသပတေး၊ ဖေဖော်ဝါရီလ ၂၉ရက်၊ ၂၀၂၄

စင်္ကာပူတွင် နေထိုင်သော မြန်မာနိုင်ငံသားအချို့၏ နိုင်ငံကူးလက်မှတ်များကို စစ်ကောင်စီပယ်ဖျက်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 790

မြန်မာစစ်ကောင်စီသည် စင်္ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရထားသော မြန်မာနိုင်ငံသားအချို့၏ နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်ထားသည်ဟု Straits Times သတင်းစာက ရေးသားဖော်ပြလိုက်သည်။

Straits Times သတင်းစာ၏ ရေးသားဖော်ပြချက်အရ စင်္ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်(PR) ရထားသူ မြန်မာအမျိုးသမီး ဒေါ်မေကျော်သည် ပြီးခဲ့သည့် ဩဂုတ်လက မိတ်ဆွေတစ်ဦးနှင့်တွေ့ဆုံရန် ဘန်ကောက်သို့သွားရောက်စဉ် လေဆိပ်လူဝင်မှုကြီးကြပ်ရေး ကောင်တာက သူမ၏ ပတ်စ်ပို့မှာ တရားမဝင်ဟု ပြောဆိုခံခဲ့ရသည်။

 ၂၀၀၈ ခုနှစ်ကတည်းက စင်္ကာပူတွင် နေထိုင်ခဲ့ပြီး ပင်နင်ဆူလာ ပလာဇာတွင် ဆိုင်ဖွင့်ထားသော ဒေါ်မေကျော်က ၂၀၂၂ခုနှစ်တွင် သူမ၏ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးထားသည့်အတွက် ၂၀၂၇ အထိ အကြုံးဝင်သည်ဟု ဆိုသည်။

 

သို့သော် မြန်မာစစ်ကောင်စီသည် ဒေါ်မေကျော်အပါအဝင် အနည်းဆုံး မြန်မာနိုင်ငံသား သုံးဦး၏ ပတ်စ်ပို့များကို ပယ်ဖျက်ထားသည်ဟု straits times က ရေးသားထားသည်။

 

ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခံရခြင်းမှာ သူမသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်( NLD) ကို ထောက်ခံအားပေးသူဖြစ်၍ ဖြစ်နိုင်သည်ဟု ဒေါ်မေကျော်က ဆိုသည်။

 

NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက မြန်မာစစ်ကောင်စီသည် ၄င်းတို့ ထိန်းချုပ်ထားသည့် သံရုံးများမှတဆင့် ပြည်ပရောက် ၄င်းတို့အား ဆန့်ကျင်နေသူ မြန်မာနိုင်ငံသားများကို ပစ်မှတ်ထားနေသည်ဟု straits times သို့ ပြောဆိုခဲ့သည်။

 

သူက စင်္ကာပူရှိ မြန်မာသံရုံးသည် မြန်မာနိုင်ငံသား သုံးဦး၏ နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်ထားသည်ဟု အတည်ပြုပြောကြားခဲ့သည်။

 

သူတို့လုပ်နိုင်တာက ပြည်ပမှာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတစ်ဦးဦးရဲ့ ပတ်စ်ပို့ကို အကြောင်းပြချက် တစ်စုံတရာမပေးဘဲ သက်တမ်းတိုးခွင့်မပြုတာ၊ တရားဝင်အဖြစ်က ရုပ်သိမ်းတာ၊ ပယ်ဖျက်တာပဲဖြစ်တယ်။ တခြားသောမြန်မာနိုင်ငံသားတချို့လည်း ခုလို ပယ်ဖျက်ခံရတာ ရှိနိုင်ပါတယ်။ စင်္ကာပူအပြင် တခြားနိုင်ငံတွေမှာလည်း ခုလို ပယ်ဖျက်ခံရတဲ့သတင်းတွေ ကြားနေရပါတယ်ဟု ဆက်လက်ပြောကြားသည်။

 

ဒေါ်မေကျော်၏ ပြောပြချက်အရ သူမ၏ မိတ်ဆွေ၊ စင်္ကာပူတွင် အမြဲနေထိုင်ခွင့်ရထားသူ တစ်ဦးသည်လည်း ဗီယက်နမ်မှ စင်္ကာပူသို့ ပြန်လာစဉ် ယခုကဲ့သို့ပင် ပတ်စပို့တရားမဝင်ဟု ဆိုပြီး ပြည်ဝင်ခွင့်ငြင်းပယ်ခံခဲ့ရသည်ဟု ဆိုသည်။

 

 ကိုယ့်နိုင်ငံသားတစ်ယောက်ကို ခုလိုအနိုင်ကျင့်တာ အစိုးရတစ်ရပ်ရဲ့ အလုပ်မဟုတ်ဘူး။ ခုဆိုရင် လူတွေက သူတို့လည်း အဲဒီလိုဖြစ်လာမလားဆိုပြီး စိုးရိမ်ပူပင်နေရတယ်ဟု ဒေါ်မေကျော်က ဆိုသည်။

 

စင်္ကာပူ လူစွမ်းအားဝန်ကြီးဌာန(MOM) နှင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်ဝင်/ထွက် စစ်ဆေးရေး အာဏာပိုင်(ICA) တို့၏ ပူးတွဲထုတ်ပြန်ချက်အရ စင်္ကာပူတွင် ကာလရှည်နေထိုင်သူများနှင့် အမြဲတမ်း နေထိုင်ခွင့်ရထားသူများ အနေဖြင့် ခရီးသွားလာခွင့်အထောက်အထား ပယ်ဖျက်ထားမှုကြောင့် ၄င်းတို့၏ စင်္ကာပူတွင် နေထိုင်မှု နှင့် အလုပ်လုပ်ကိုင်မှုကို ထိခိုက်စေမည်မဟုတ်ဟု သိရှိရသည်။

 

 အဆိုပါဌာနနှစ်ခုစလုံးက စင်္ကာပူတွင်နေထိုင်သော နိုင်ငံခြားသားများအနေဖြင့် တရားဝင် နိုင်ငံကူးလက်မှတ်မရှိသည့်တိုင်အောင် ပြည်ပနိုင်ငံတစ်ခုသို့ သွားရောက်ခွင့် နှင့် ဝင်ထွက်ခွင့် ရှိသည်ဟုဆိုသည်။

 

NN-27

ref: The Straits Times

ဆက်စပ် သတင်းများ