စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ညီနောင်သုံးဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေး (၄၇) ရက်မြောက် ဒီဇင်ဘာလ (၁၂) ရက်နေ့ တိုက်ပွဲသတင်းများ ထုတ်ပြန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၃ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

“ ရခိုင်မှ စစ်တွေ၊ မြောက်ဦး၊ ပန်းမြောင်း၊ မြေပုံမှ  စစ်ရေးအခြေအနေများကိုဖော်ပြ”

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေး (၄၇) ရက်မြောက် ဒီဇင်ဘာလ (၁၂) ရက်နေ့ တိုက်ပွဲသတင်းများ ထုတ်ပြန်ရာတွင် စစ်ကောင်စီတပ်က ရခိုင်လူနေကျေးရွာရပ်ကွက်များကို ဦးတည်ပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်နေခြင်းအပေါ်  အသေးစိတ် ထုတ်ပြန်သည်။

ဒီဇင်ဘာလ (၁၂) ရက်နေ့၊ ည (၁၁:၅၀) နာရီအချိန်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အထဲတွင် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအနီးရှိ တောင်ဖြူတောင်နှင့် အောင်မင်္ဂလာတောင်ထိပ်တို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်  ဒီဇင်ဘာလ (၁၂) ရက်နေ့၊ နံနက်ပိုင်း အချိန်တွင်  ကျေးရွာမှ ဒေသခံ အချို့အား လူသားဒိုင်းကာအဖြစ် ဖမ်ဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊  ၎င်းနေ့ ညနေပိုင်းကလည်း ဒေသခံ အမျိုးသမီး၊ အမျိုးသားစုစုပေါင်း (၇) ဦးအား ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့်အပြင် စစ်ကောင်စီ၏ Mi35 ရဟတ်ယာဉ်တစ်စီး နှင့် လေယာဉ်နှစ်စီးသည် ပန်း‌မြောင်းကျေးရွာအား ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ရက္ခိုင်ပြည်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံမြို့နယ်များ၌ရှိသည့် စစ်ကောင်စီတပ်စခန်းအချို့မှ ဒီဇင်ဘာလ (၁၂) ရက်နေ့၊ နံနက် (၈:၀၀) အချိန်ခန့်မှစ၍ မြို့အနီးအနားရှိ ကျေးရွာများသို့ လက်နက်ကြီး၊ ငယ်များအပြင် လေကြောင်း၊ ရေကြောင်းပစ်ခတ် တိုက်ခိုက်မှုများကို ယနေ့တစ်ရက်တည်းတွင် ကြိုကြား ကြိုကြားပြုလုပ်ခဲ့ကြောင်း ရေးသားဖော်ပြသည်။

၎င်းအပြင် ဒီဇင်ဘာ ၁၂ ရက် နံနက် (၁၁:၃၀) အချိန်ခန့်မှစ၍ နေ့လယ်ပိုင်းအချိန်ထိ မြောက်ဦး အခြေစိုက် တပ်ရင်းများဖြစ်သော ခမရ (၃၇၇) နှင့် ခမရ (၅၄၀) တပ်ရင်းများမှ မြောက်ဦးမြို့နယ်ရှိ ကျေးရွာအချို့အား လက်နက်ကြီး များဖြင့် အဆက်မပြတ် ရမ်းကားပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုထားသည်။

ဒီဇင်ဘာလ (၁၂) ရက်နေ့၊ နံနက် (၁၀:၅၀) အချိန်ခန့်တွင် မြေပုံမြို့နယ်၊ ထူးချေရွာအနီး မြစ်အတွင်း သွားလာနေသော ခရီးသည်တင် ဘုတ်တစ်စီးအား စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ထနံနက် (၁၁:၀၀) အချိန်ခန့်တွင်လည်း မြေပုံမြို့နယ်၊ “ငုပင်လယ်” သင်္ဘောဆိပ်၌ စခန်းချထား သော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရွက်ဖြူတိုင်မြစ်အတွင်း သွားလာနေသော ခရီးသွားပြည်သူများအား လက်နက်ငယ် များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

ဒီဇင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၃:၃၀) အချိန်ခန့်တွင် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ အောင်မင်္ဂလာကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အရပ်သား ပြည်သူများကို ဦးတည်၍ တမင်တကာ ရမ်းကားပစ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်၊ ဂုဏ်ကျွန်းကျေးရွာမှ အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ည (၈:၀၀) အချိန်ခန့်ကလည်း စစ်တွေမြို့၊ ပါဒလိတ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ “ခမရ (၂၃၂) တပ်ရင်း” ၏ ရမ်းကားပစ်ခတ်လိုက်သော လက်နက်ကြီးကျည် (၁) လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ အသက် (၆) နှစ်နှင့် (၁၂) နှစ်အရွယ် အရွယ်မရောက်သေးသော ညီအစ်မ (၂) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။ 

ဒီဇင်ဘာလ (၁၂) ရက်နေ့၊ ညနေ ညနေ (၄:၀၀) အချိန်ခန့်ကလည်း ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်းအောက်တွင် ရပ်နားထားသော ဘုတ်၊ ဟွန်ဒါနှင့် သမ္ဗာန်များမှ အရပ်သားပြည်သူ (၃၀) ကျော်အား စစ်ကောင်စီ၏ နေဗီမှ မတရား အစုအပြုံလိုက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး  လောလောဆယ်တွင် အဆိုပါ အဖမ်းဆီးခံ လူများ၏ နောက်ဆက်တွဲသတင်းများကို မသိရသေးဟု ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် အနေဖြင့် မိမိတို့ပြည်သူလူထုအား ယခုကဲ့သို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်၍ ထိုက်သင့်သောတုံ့ပြန်မှုများကို လုပ်ဆောင်သွားမည်ဟုဖော်ပြထားသည်။ 

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ဖော်ပြရာတွင်  ဒီဇင်ဘာလ (၁၂) ရက်နေ့၊ နံနက် (၆:၀၅) အချိန်ခန့်တွင် တအာင်းတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့သည် တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ မူဆယ်မြို့နယ်၊ ကောင်းရာ ကျေးရွာ အနီးတဝိုက် တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါနေ့ နံနက် (၆:၄၅) အချိန်ခန့်တွင် တအာင်းတပ်မ‌တော် (TNLA) သည် တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီအခြေစိုက် “စခန်းသစ်ကုန်း” အား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ရန်သူသည် ၎င်းတို့၏ ဗျူဟာကုန်းမကျရေးအတွက် တိုက်ပွဲဖြစ်ပွားခဲ့သည့် နံနက် (၈:၂၅) အချိန်ခန့်မှ စ၍ ညနေပိုင်းထိ “စခန်းသစ်ကုန်းတိုက်ပွဲ” တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် (၂) ကြိမ်၊ Mi35 ဖြင့် (၃) ကြိမ်၊ Y12 ဖြင့် (၆) ကြိမ်၊ ဗုံး (၁၈) လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ “နမ့်ဖတ်ကာစခန်း” မှလည်း လက်နက်ကြီးဖြင့် (၇) ကြိမ် ပစ်ကူတိုက်ခိုက်ခဲ့သည်။ စစ်ကူထောက်ပို့နိုင်ရန်အတွက်လည်း နမ့်ခမ်းမြို့နယ်၊ နောင်ကောင်း‌ကျေးရွာ၊ သင်္ချိုင်းကုန်းနှင့် ကွန်လုံ‌ကျေးရွာ၊ ဘောလုံးကွင်းဘက်တွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်သည် လူအင်အား (၁၀၀) နီးပါး ဖြည့်တင်းခြင်းနှင့် ရိက္ခာထောက်ပို့ခြင်းအား (၃) ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၄:၂၅) အချိန်ခန့်တွင် တအာင်းတပ်မတော် (TNLA) သည် တအာင်းပြည်နယ်၊ တပ်မဟာ (၃) စစ်ဒေသ၊ မန်တုံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ “ခလရ (၁၃၀)” နှင့် နေ့လယ် (၂:၃၅) အချိန်ခန့်တွင်လည်း တပ်မဟာ (၅) စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ “ကွတ်ခိုင်စခန်း” တို့အား အသီးသီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် စစ်ကောင်စီ၏ “မန်တုံ (၁၃၀) တပ်စခန်း” မှ နမ့်ဆန်မြို့ဘက်သို့ လက်နက်ကြီးဖြင့် (၁၀) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး Y12 လေယာဉ်ဖြင့် ဗုံး (၄) ကြိမ် လာရောက်ကြဲချကာ တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ကလည်း တအာင်းပြည်နယ်၊ စစ်ကောင်စီ၏ နမ့်ဖတ်ကာတပ်စခန်းမှ နမ့်ခမ်းမြို့အား လက်နက်ကြီးဖြင့် (၃၇) ကြိမ်၊ ဂျက်ဖိုက်တာဖြင့် (၁၀) ကြိမ်၊ Y12 လေယာဉ်ဖြင့် ဗုံး (၁၁၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ အလားတူပင် ညနေ (၄:၀၀) အချိန်ကလည်း မူဆယ်မြို့နယ်၊ တုံခန်ရွာနှင့် ဟိုနောင်ရွာအနီးသို့ စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီ၏ဗျူဟာကုန်းတပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၁၀၅) မိုင် ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

(ပုံစာ- ယခင်ရခိုင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဓာတ်ပုံ ပုံဟောင်းသာဖြစ်ပါသည်)

ဆက်စပ် သတင်းများ