အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

နမ့်ခမ်းမြို့သိမ်းတိုက်ပွဲတွင် တအာင်းတပ်မတော်မှ စစ်သည်(၄၉) ဦးကျဆုံးခဲ့ပြီး (၁၄၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

(တိုက်ပွဲအတွင်း ကလေး(၃)ဦးအပါအဝင် (၁၃)ဦးသေဆုံးကာ (၄၃)ဦး ဒဏ်ရာရရှိခဲ့)

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ကို သိမ်းပိုက်တိုက်ပွဲတွင်တအာင်းတပ်မတော် (PSLF/TNLA)  စစ်သည်တော်  (၄၉) ဦးကျဆုံးခဲ့ပြီး(၁၄၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့စသည်ဟု သိရှိရသည်။

နမ့်ခမ်းမြို့ကို နိုဝင်ဘာ ၁၇ရက်နေ့မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး  ဒီဇင်ဘာ ၁၈ ရက်နေ့ထိ ရက်ပေါင်း (၃၁)ရက် အကြာတွင်  နမ့်ခမ်းမြို့ တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ထိုသို့ ကျဆုံးခဲ့ရသည်ဟု တအာင်းတပ်မတော် PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြသည်။ 

တအာင်းပြည်နယ် တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့ကို သိမ်းပိုက်ရရှိရန်အတွက် ၁၀၂၇ စစ်ဆင်ရေးအတွင်း နိုဝင်ဘာ ၁၇ရက်မှ ဒီဇင်ဘာ ၁၈ ရက်နေ့ထိ ရက်ပေါင်း (၃၁)ရက်ကြာ တိုက်ခိုက်ခဲ့ရကြောင်း၊  နမ့်ခမ်းမြို့ စခန်းသစ် စခန်းကို တိုက်ခိုက်သိမ်းပိုက်ရန် တိုက်ပွဲကာလ အတွင်းတွင် တအာင်းတပ်မတော် PSLF/TNLA စစ်သည်တော်များက ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ပြီး စစ်သည်တော်များ (၄၉) ဦး မြင့်မြတ်စွာ အသက် ပေးလှူခဲ့ရပြီး ( ၁၄၅ )ဦး ထိခိုက် ဒဏ်ရာများရရှိကာ အသက်၊ ခန္ဓာ၊ သွေး၊ ချွေးများ ရင်းနှီးပေးဆပ်ရမှုများစွာ ရှိခဲ့ကြောင်း ဖော်ပြထားသည်။


တအာင်းပြည်နယ် တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စကခမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း  နမ့်ခမ်းမြို့နယ် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း နိုဝင်ဘာ ၁၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး သီတင်းပတ် (၅)ပတ်ကြာ ဒီဇင်ဘာ ၁၉ ရက်နေ့ (၀၁:၃၀)နာရီ အချိန်တွင် စစ်ကောင်စီ စခန်းသစ်ကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃မိုင်၊ မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေး၊ တာကွန့်စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။

နမ့်ခမ်းမြို့ စစ်ကောင်စီတပ်စခန်းသည် အင်အား (၉၀၀)နီးပါးရှိသည့် စကခ-၇ နှင့် လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၂၆၁၊ ခမရ-၄၂၃၊ ၄၂၆၊ ၄၂၅၊ ၁၄၃ နှင့် ဒကစ တို့မှ လာရောက်ထိုးစစ်ဆင် စခန်းချသည့် တပ်စခန်းများ ဖြစ်သည်ဟု ဆိုသည်။

နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီက အကြိမ် ၃၆၀ထိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပေါင် (၅၀၀)ဗုံး (၁၂)ကြိမ်နှင့် အဆိပ်ငွေ့ဗုံး (၆)လုံး အသုံးပြု ခုခံပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။


စစ်ကောင်စီတပ်ဘက်မှ Jet Fighter ဖြင့် (၂၆၀)ကြိမ် ၊ Y8 လေယာဥ်ဖြင့် (၃၅)ကြိမ် ၊ Y12 လေယာဥ်ဖြင့် (၄၀)ကြိမ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 ဖြင့် (၂၅)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ မန်တပ်စခန်းမှ ၁၀၅/၁၂၀ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် (၁၉၅)ကြိမ် နှင့် နမ့်ဖတ်ကာ တပ်စခန်းမှ ၁၀၅/၁၂၂/၁၅၅ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် (၃၀၀)ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ATR-42/72 လေယာဥ်ဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခ များ (၁၅)ကြိမ် စခန်းသစ်ကုန်းတွင် လာရောက် ပစ်ချထောက်ပံ့ပေးခဲ့သည်။

ဒီဇင်ဘာ ၁၂ရက်နေ့တွင်လည်း ထောက်ပို့ယာဥ် Mi17 ဖြင့် (၃)ကြိမ် စစ်ကူလူအင်အား (၁၀၀)နီးပါး ထပ်မံ ဖြည့်တင်းပေးခဲ့သည်။

စစ်ကောင်စီ နမ့်ခမ်းတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့နယ် ဒေသခံ ကလေး(၃)ဦးအပါအဝင် (၁၃)ဦး သေဆုံး၊ (၄၃)ဦး ဒဏ်ရာ ရရှိ၊ ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ ဆေးရုံနှင့် လူနေအိမ် (၇၀)လုံး လက်နက်ကြီးနှင့် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်း နှင့် လူနေအိမ် (၂၄) လုံး မီးလောင်ပျက်စီးခဲ့သည်။

နမ့်ခမ်းစခန်းသစ် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းများစွာနှင့် စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ်ဝင် စုစုပေါင်း (၃) ဦး ဖမ်းဆီးရမိခဲ့သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံ နှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့သည်။

ဒီဇင်ဘာ ၁၉ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA က နမ့်ခမ်းမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  (NN-30)

ဆက်စပ် သတင်းများ