သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

KIA ပစ်ချလိုက်သည့် စစ်ရဟတ်ယာဥ်အပျက်အစီးနှင့်အတူ စစ်သား ၆ ဦးအလောင်းတွေ့ရှိပြီး ရဟတ်ယာဥ်မှူးကို အရှင်ဖမ်းမိ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 5.6k

ယနေ့မနက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချလိုက်သည့် ရဟတ်ယာဥ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး၏ အလောင်းကို တွေ့ရှိပြီး  ရဟတ်ယာဥ်မှူးကို လည်း အရှင်ဖမ်းမိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များက ဓာတ်ပုံနှင့် တကွ ဖော်ပြသည်။

အဆိုပါစစ်ရဟတ်ယာဥ်ပစ်ချခံရပြီး မီးလောင်ပျက်စီးသွားရာ ရဟတ်ယာဥ်ပေါ်တွင်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ ၆ ဦးမှာလည်း မီးလောင်သေဆုံးသွားပြီး ဒဏ်ရာရရှိထားသည့် ရဟတ်ယာဥ်မှူး DSA အမှတ်စဉ် (၄၅) ကျောင်းဆင်း ဗိုလ်မှူး ဇော်မျိုးသန့် ကိုအရှင်ဖမ်းမိထားကြောင်း သိရသည်။

မြစ်ကြီးနား- လိုင်ဇာလမ်း လိုင်စင်ဘွမ်ဘက်ရှိ နာဖော့( Nahpaw ) နှင့် ကကမ် ( Kagam) တောင် စစ်တပ်စခန်းဆီသို့ ဆင်းလာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပစ်ချလိုက်ကြောင်း ကနဦးသတင်းရရှိသည်ဟု Kachin News group ( KNG) က ယနေ့မနက်ပိုင်းက သတင်းဖော်ပြသည်။

၎င်းရဟတ်ယာဉ်မှာ ယနေ့နံနက် အစောပိုင်းက မြစ်ကြီးနားဘက်ကနေ တက်လာသည့် စစ်ရဟတ်ယာဉ်ဖြစ်သည်ဟု စုံစမ်း သိရှိရကြောင်းလည်း ဖော်ပြထားသည်။

ဝိုင်းမော်မြို့နယ် နာဖေါ့စစ်ကောင်စီတပ်စခန်းသို့ ဦးတည်ပျံသန်းလာသည့် စစ်ရဟတ်ယာဉ်အား ပစ်ခတ်ခဲ့ရာ မီးလောင်ပျက်စီးပြီး ပျက်ကျသွားသည့် ဗီဒီယိုမှတ်တမ်းလည်း လူမှုကွန်ရက်ပျံနှံ့ခဲ့သည်။ အဆိုပါစစ်ရဟတ်ယာဥ်ကို ယနေ့မနက် ၁၂ နာရီအချိန်လောက်တွင် KIA က ပစ်ချနိုင်ခဲ့ပြီး ရိက္ခာလာပို့သည့်ရဟတ်ယာဥ်ဖြစ်နိုင်ကြောင်း (KIO/ KIA) ဗိုလ်မှူးကြီးနော်ဘူက ကချင်သတင်းဌာနများကို ယနေ့မနက်ပိုင်းကအတည်ပြုပြောဆိုထားသည်။(NN-23)

ဓာတ်ပုံ - Lahtaw Zau Seng

ဆက်စပ် သတင်းများ