ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

စစ်ကိုင်းတိုင်း ခါမ်းပတ်မြို့ ကနန်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ်များအပါအဝင် ၁၅ ဦးခန့်သေဆုံး


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 671

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပတ်မြို့၊  ကနန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ  ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အချို့အပါအဝင် ၁၅ ဦးခန့် သေဆုံးကြောင်း သိရသည်။

ကနန်ရွာမှ အထက်တန်းကျောင်းအနီးကို ယနေ့(ဇန်နဝါရီလ ၇ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး‌​လေးလုံးကြဲချ၍ ထိုသို့ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြသည်။

သေဆုံးသူများအထဲတွင် အသက်မပြည့်သေးသည့် ကလေး(၄)ယောက် အပါအဝင် ဒေသခံ(၁၅) ယောက် သေဆုံးပြီး စာသင်ကျောင်းနှင့်  နေအိမ် ၁၀ လုံးလည်း  ထိခိုက်ပျက်စီးခဲ့သည်ဟု ကနန်ရွာဒေသခံများကို ကိုးကားပြီး  Chin World က သတင်းဖော်ပြသည်။


ဒေသခံတစ်ဦးက “တစ်စီးထဲက(၄)ကြိမ်လောက်လာကြဲသွားတာ ကြဲတဲ့ဟာကလဲ အထက်တန်း ကျောင်းနားမှာပေါက်တာပေါ့ အဲ့ကျောင်းက အဆောင်တွေရော၊  အနားက အိမ်တွေပါ ပျက်စီးတယ်။ အသက်မပြည့်တဲ့ကလေးက(၄)ယောက်ရှိတယ် ၊ အားလုံး(၁၅)ယောက်ပွဲ ချင်းပြီးသေတယ်” ဟု ပြောသည်။

တနင်္ဂနွေနေ့သည် ဒေသခံပြည်သူများ ခရစ်ယန်ဘုရားကျောင်းတက်​သည့်နေ့ဖြစ်ပြီး ဘုရား​ကျောင်း အနီးတွင် လူများစုရုံးနေကြစဉ် စစ်ကောင်စီ လေယာဉ်က ပစ်ချသည့် ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ကနန်ကျေးရွာသည် ကလေး-တမူးအာရှလမ်းမကြီးပေါ်မှာရှိပြီး ချင်းလူမျိုးတွေအများစုနေထိုင်သည့်  စံပြကျေးရွာ ဖြစ်ကြောင်း သိရသည်။

ခါမ်းပါတ်မြို့ကို ​တော်လှန်​ရေးအဖွဲ့များက နိုဝင်ဘာလဆန်းတွင် တိုက်ခိုက်၍ သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ကုသနေရသည်ဟု သိရသည်။

ဓာတ်ပုံ- Chin World

ဆက်စပ် သတင်းများ