စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ထိုင်း-မြန်မာ နယ်စပ်တွင် လူသားချင်းစာနာမှုဆိုင်ရာ ဘေးကင်းဇုန်တစ်ခု တည်ဆောက်ရန်ထိုင်းနိုင်ငံက စီစဉ်ဆောင်ရွက်နေ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 785

ထိုင်းနိုင်ငံက ဦးဆောင်ပြီး ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် လူသားချင်းစာနာမှုဆိုင်ရာ ဘေးကင်းဇုန် တစ်ခုတည်ဆောက်ရန် စီစဉ်လျှက်ရှိသည်ဟု သိရှိရသည်။

အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ မြန်မာအတိုက်အခံ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ရန် စီစဉ်နေကြောင်း ထိုင်းအရာရှိများက ပြောကြားသည်။

ထိုင်းနိုင်ငံသည် ထိုင်း-မြန်မာ နယ်စပ် မြဝတီ-မဲဆောက်အနီးတွင် လူသားချင်းစာနာမှုဆိုင်ရာ ဘေးကင်းဇုန်( humanitarian safe zone) တစ်ခုကို ယခုလကုန်ပိုင်းတွင် တည်ဆောက်ပြီး ဒေသခံ ပြည်သူများနှင့် ပြည်တွင်းပဋိပက္ခကြောင့် နေရပ်စွန့်ခွါထွက်ပြေးလာရသူ ၂၀၀၀၀ တို့အတွက် အစားအစာ၊ ဆေးဝါးတို့ကို ပံ့ပိုးပေးရန် စီစဉ်နေသည်ဟု ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကက်ကိုးက ပြောကြားခဲ့သည်။

ယခုကြိုးပမ်းမှုသည် အာဆီယံနိုင်ငံများ​၏ မြန်မာ့အရေးဆောင်ရွက်ချက်ကို အထောက်အကူ ပြုနိုင်မည်ဟု ဆီဟာဆက်က ဆိုသည်။

အာဆီယံသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အာဏာသိမ်းစစ်ကောင်စီ နှင့် တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်များ​၏ ပဋိပက္ခပြီးဆုံးရေးအတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေးကြရန် တိုက်တွန်းကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။

ယခု လုပ်ဆောင်ချက်မှာ ပဋိပက္ခများ ပြေလျော့သွားရေး နှင့် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာရန် လမ်းဖောက်ခြင်းသာဖြစ်သည်ဟု ဆီဟာဆက်က ဆိုသည်။ " မြန်မာပြည်မှာ နောက်ထပ် ဆိုးရွားတဲ့ မတည်ငြိမမှုတွေ ကျွန်တော်တို့ မမြင်တွေ့လိုတော့ပါဘူး" ဟု ပြောကြားခဲ့ပြီး လုပ်ဆောင်ချက်များသည် ထိရောက်မြင်သာမှု ရှိရမည်ဟု ဆိုသည်။

ယခုဆောင်ရွက်ချက်သည် မကြာမီက လာအိုနိုင်ငံတွင် ကျင်းပခဲ့ပြီး မြန်မာကိုယ်စားလှယ်တစ်ဦး တက်ရောက်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် သဘောတူခဲ့ကြခြင်းဖြစ်ပြီး ထိုင်း နှင့် မြန်မာ ကြက်ခြေနီများက အာဆီယံ​၏ ကြီးကြပ်မှုဖြင့် အထောက်အပံ့များဆိုင်ရာ စည်းမျဉ်းနှင့်အညီ မြေပြင်တွင် ကူညီထောက်ပံ့မှုများပြုလုပ်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီ  ကျင့်သုံးမှု ပျက်ပြားသွားပြီး လက်နက်ကိုင်ပဋိပက္ခများကြောင့် လူပေါင်း ၂.၆ သန်းအိုးမဲ့ အိမ်မဲ့ဖြစ်ကာ လူပေါင်း ၁၈ သန်းမှာ အကူအညီလိုအပ်နေသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ref:Bay of Bengal Post

ဆက်စပ် သတင်းများ