တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မွန်ပြည်သစ်ပါတီမှအတွင်းရေးမှူး၊ ဒုစစ်ဦးစီးချုပ်တို့မှ ပါတီတွင်းမှ ယုံကြည်ချက်တူသူများနှင့် လက်တွဲ၍ စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု ကြေငြာချက်ထုတ်


  • ရေးသူ: Web Master (NN 20)
  • | ရက်စွဲ: ၁၄ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3k

မွန်ပြည်သစ်ပါတီမှအတွင်းရေးမှူး နိုင်ဇေယျ ဒုစစ်ဦးစီးချုပ်  ဗိုလ်မှူးချုပ် စလွန်းထောအပါအဝင် ပါတီတွင်းမှယုံကြည်ချက်တူသူများသည် အာဏာသိမ်း စစ်ကောင်စီတပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက်ကို နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့၊ မွန်ပြည်သစ်ပါတီ ( စစ်အာဏာရှင်တိုက်ဖျက်ရေး) က ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ဖြင့် ထုတ်ပြန်ကြေငြာခြင်းဖြစ်သည်။

ထုတ်ပြန်ချက်ထဲတွင် မွန်ပြည်သစ်ပါတီ၏ (၁၁) ကြိမ်မြောက် ပါတီညီလာခံ၌ (၂၀၁၂) ခု နှစ်ဖက် သဘောတူ အပစ်ရပ်စာချုပ် Bilateral Ceasefire Agreement အတိုင်း ရပ်တည်ပြီး စစ်ကောင်စီနှင့် ဆက်ဆံသွားရန် ဆုံးဖြတ်ခဲ့သည်ကို မိမိတို့လုံး၀ လက်မခံကြောင်း ၎င်းအဖွဲ့က ပြောဆိုထားသည်။  

ထို့ကြောင့် အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနှင့်  ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ် ဗိုလ်၊ တပ်မှူး၊ အကြပ်တပ်သားရဲဘော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့သည်  အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက် မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ  လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစု များနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းပြင် အာဏာသိမ်းစစ်တပ်သည် လက်နက်အားကိုးပြီး ပြည်သူလူထုအပေါ် လူမဆန်စွာ ဖမ်းဆီးညှင်းဆဲ အကျဉ်းချသတ်ဖြတ်မှုများ နေ့စဥ်ကျူးလွန်နေပြီး မွန်ပြည်နယ်တွင်လည်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှု မျိုးစုံ ကြုံတွေ့နေရသည်။ အထူးသဖြင့် ကျိုက်ထို၊သထုံ၊ဘီးလင်း၊ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့မှုများ ပိုမိုပြုလုပ်လာပါသဖြင့် အကြမ်းဖက်နေသည့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်လက် တွေ့ဆုံဆွေးနွေး အဖြေရှာရန် မဖြစ်နိုင်တော့ ကြောင်းမွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆက်စပ် သတင်းများ