တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နှင့် စစ်ဖြစ်အောင် မြန်မာကလုပ်ဆောင်နေသည်ဟု ဘင်္ဂလားဒေ့ရှ် (RAB) ညွှန်ကြားရေးမှူးချုပ်ပြောကြား


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 9k

မြန်မာစစ်အစိုးရသည် ဘင်္ဂလားဒေ့ရှ်နှင့် စစ်ဖြစ်လာအောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်လျှက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် မှုခင်းနှိမ်နှင်းရေး အထူးတပ်ဖွဲ့ ( Rapid Action Battalion ) အကြီးအကဲ ညွှန်ကြားရေးမှူးချုပ် ခါရှစ်ဟူစိန်က ပြီးခဲ့သည့် စနေနေ့က ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ ထွက်ပြေးခဲ့ရသည့် ဖြစ်စဉ်မှအစ ယခုဖြစ်ပေါ်နေသော အခြေအနေများအထိ မြန်မာစစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်အစိုးရအား ရန်စမှုများ ရှိခဲ့ကြောင်း၊ သို့သော် အမြော်အမြင်ရှိသော ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ​၏ ကိုင်တွယ်တတ်မှုကြောင့် ပြဿနာ ကြီးကြီးမားမား ဖြစ်မလာခဲ့ကြောင်း သူက ပြောကြားခဲ့သည်။

" စစ်ဖြစ်လို့ကတော့ တိုင်းပြည်ပျက်စီးသွားဖို့ပဲ ရှိတယ်။ အခု မြန်မာပြည်မှာ အာဏာသိမ်းစစ်တပ်က ဦးဆောင်နေတယ်။ သူတို့ဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတယ်။ ဒီအခြေအနေပေါ် မူတည်ပြီး သူတို့က ဘင်္ဂလားဒေ့ရှ်ကိုပါ စစ်ကြီးထဲ ဆွဲသွင်းချင်ကြတယ်" ဟု RAB တပ်ညွှန်ကြားရေးမှူး ဟူစိန်က ကော့ဘဇားခရိုင် ကောလိပ် ဘွဲ့နှင်းသဘင်အခမ်းအနား တစ်ခုတွင် ပြောကြားသွားခဲ့သည်။


မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ မူးယစ်ဆေးဝါးများ တင်သွင်းလာသည့် အဓိက လမ်းကြောင်းတစ်ခုဖြစ်ကြောင်းလည်း သူကပြောကြားသည်။

" မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံထဲကနေ ရေကြောင်း၊ လေကြောင်း အမျိုးမျိုးနဲ့ ရောက်လာ ကြတယ်။ ဒါတွေကို ထိန်းချုပ်ဖို့ ကျွန်တော်တို့ ဖြန့်ကျက်လုပ်ဆောင်နေသလို မြန်မာနိုင်ငံက အကြီးဆုံးမူးယစ်ဆေးဂိုဏ်းကိုလည်း ကျွန်တော်တို့ ခြေရာခံထားနိုင်ပါပြီ" ဟု ဟူစိန်က ဆိုသည်။

ပြီးခဲ့သည့်စနေနေ့က မြန်မာစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်အကြား  တိုက်ပွဲဖြစ်ပွားသဖြင့် လက်နက်ကြီးပစ်ခတ်ခတ်သံများကို တစ်ညလုံးကြားနေရသည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ရှာပူရီ ဒီဝစ်မှ ဒေသခံများက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ နယ်စပ်တစ်လျှောက် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ မြန်မာဘက်မှ ပစ်လိုက်သောကျည်ဆံထိမှန်ပြီး ဘင်္ဂလားဒေ့ရှ် အရပ်သား နှစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရခဲ့သည်။


အဆိုပါဖြစ်ရပ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာရှိ မြန်မာသံအမတ် ဦးအောင်ကျော်မိုးကို ဆင့်ခေါ်ပြီး ကန့်ကွက်ကြောင်း ပြောကြားခဲ့သလို ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံအမတ် မိုဝါဟူစိန်ကလည်း နေပြည်တော်သို့ သွားရောက်ကာ မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်။

NN-27/ Ref: Myanmar wants war with Bangladesh, RAB chief says

ဆက်စပ် သတင်းများ