စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ထိုင်း လွှတ်တော်အတွင်း ကျင်းပသည့် “မြန်မာ့အရေးဆွေးနွေးပွဲ”ကို စစ်ကောင်စီ ကန့်ကွက်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

ထိုင်းလွှတ်တော်အတွင်း မတ်လ-၂ရက် (စနေနေ့) က စတင်ကျင်းပသည့် “ မြန်မာ့အရေး ဆွေးနွေးပွဲ” သို့ စစ်ကောင်စီဘက်က ကိုယ်စားလှယ် တက်ရောက်ခြင်းမရှိခဲ့သလို ဆွေးနွေးပွဲကျင်းပမှုကိုလည်း ကန့်ကွက်ခဲ့သည်ဟု သိရှိရသည်။

ထိုင်းလွှတ်တော်ရေးရာကော်မတီက ဦးဆောင်ပြီး မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်သည့် နှစ်ရက်ကြာ ဆွေးနွေးပွဲကို စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်သား ကိုယ်စားလှယ် တို့အား ဖိတ်ကြားခဲ့သော်လည်း စစ်ကောင်စီဘက်က တက်ရောက်ခြင်း မရှိဘဲ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

“ ဒီနေ့ ကျွန်တော်တို့လုပ်တဲ့ ရည်ရွယ်ချက်က မြန်မာ့နိုင်ငံရေးမှာ သဘောထားအမြင်မတူကြတဲ့ အဓိကအဖွဲ့အစည်းတွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံစကားပြောနိုင်ဖို့ ပထမအဆင့်အနေနဲ့ ကြိုးစားတာပါ။ ဒီဆွေးနွေးပွဲကတစ်ဆင့် ငြိမ်းချမ်းပြီး တာရှည်ခံမယ့် နိုင်ငံရေးအဖြေတစ်ခု ရရှိဖို့ လမ်းစ ဖော်ထုတ်နိုင်ပါလိမ့်မယ်” ဟု ဆွေးနွေးပွဲကျင်းပရေးခေါင်းဆောင် ထိုင်းလွှတ်တော်ရေးရာ ကော်မတီဥက္ကဌ ရန်စီမန် ရိုမီက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းလွှတ်တော်အတွင်း ကျင်းပမည့် မြန်မာ့အရေးဆွေးနွေးပွဲကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ အဆိုပါဆွေးနွေးပွဲကြောင့် မလိုလားအပ်သည့်ရိုက်ခတ်မှုတွေ ရှိလာမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပျက်စီးသွားနိုင်ကြောင်းနှင့် ယခုဆွေးနွေးပွဲကို ဆက်လက် မကျင်းပရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

ထိုင်းလွှတ်တော်တွင်း ကျင်းပသည့် မြန်မာ့အရေး ဆွေးနွေးပွဲ သို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီး က လာရောက်ပြီး အဖွင့်အမှာစကားပြောကြားရန် ဖြစ်သော်လည်း အခမ်းအနားစတင်ရန် မိနစ်ပိုင်း အလိုတွင် ထိုအစီအစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူအား မေးမြန်းခဲ့ရာ ပြန်လည် ဖြေကြားခြင်း မရှိသလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တစ်စုံတရာပြောဆိုခြင်း မရှိခဲ့ပေ။

NN-27

ref:Reuters

ပုံစာ- ၂၀၂၂ခုနှစ်က ရုရှားနိုင်ငံသို့ ရောက်ရှိစဉ်တွေ့မြင်ရသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဆက်စပ် သတင်းများ