ဗုဒ္ဓဟူး၊ မေလ ၂၂ရက်၊ ၂၀၂၄

ပြင်းထန်စွာဖြစ်ပွားနေ​သော မြန်မာနယ်စပ်တိုက်ပွဲများမှ ထွက်လာသည့် မီးခိုးလုံးများကို ဘင်္ဂလာဒေ့ရှ်နယ်စပ်က တွေ့မြင်ရ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

(သေနတ်ပစ်ခတ်သံများကြောင့် နယ်စပ်နေပြည်သူ တစ်သောင်းခန့် စိုးရိမ်ထိတ်လန့်နေကြရဟုဆို)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ် နယ်စပ်တစ်လျှောက်တွင် နတ်မြစ်ကို ဖြတ်၍  ထွက်ပေါ်လာသည့် မြန်မာဘက်က ပြင်းထန်စွာ ပစ်ခတ်သည့် လက်နက်ကြီးသံများနှင့်အတူ ကောင်းကင်သို့ တက်လာသော အနက်ရောင် မီးခိုးလုံးများကို မြင်တွေ့ ခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများက သတင်းဖော်ပြသည်။

မြန်မာဘက်မှ ကြောက်မက်ဖွယ်ရာ မော်တာသံများကို စနေနေ့ နံနက်ကတည်းက ကြားနေရပြီး နယ်စပ်အနီး နေထိုင်သူ ၁၀,၀၀၀ ခန့်ကို စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။

တက်ကနက်မြို့နယ် နီလာတိုက်နယ် (Union Parishad) ဥက္ကဋ္ဌ ရာရှဲလ်မူဟာမတ် အာလီက " စနေနေ့ မနက်ကတည်းက မြန်မာနိုင်ငံဘက်ခြမ်းက မော်တာကျည်တွေ ပြင်းထန်စွာ ပေါက်ကွဲသံတွေကို ကြားနေရတယ်။ တံငါသည်တွေနဲ့ လယ်သမားတွေက မော်တာသံတွေနဲ့ နယ်စပ်မှာ ကြောက်လန့် တကြား နေနေကြတယ်။ ဒါ့အပြင် အနက်ရောင် မီးခိုးငွေ့တွေကိုလည်း မနက်ကတည်းက တွေ့နေရပါတယ် ” ဟု ပြောသည်။

ရက္ခိုင့်တပ်တော်(Arakan Army) နှင့်  မြန်မာစစ်တပ်တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝါးခွပ်ချောင်းနှင့် နီလာနယ်စပ်အရှေ့ဘက်ရှိ မြန်မာဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့သည် တက်ကနက် (Teknaf) မြို့နယ် ဝါးခွပ်ချောင်းကျေးရွာမှ ၅၄  ကီလိုမီတာအကွာရှိ နတ်မြစ်အတွင်း ကင်းလှည့်မှုများ တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်ဟု သတင်းတွင်ဖော်ပြသည်။

နီလာ (Hnila) နယ်စပ်ဒေသခံတစ်ဦးဖြစ်သူ အက်လီယက်က "မနက်ကတည်းက မြန်မာဘက်က သေနတ်သံတွေ ပြင်းပြင်းထန်ထန်ကြားနေရတယ်။ အခုကြောက်နေကြရပြီ" ဟု ပြောသည်။


နီလာအစိုးရ မူလတန်းကျောင်း ဥက္ကဋ္ဌ  တာရက် မူဟာမတ် ရော်နီက ယနေ့ နံနက်ခင်းတွင်  ကြောက်စရာ ကောင်းသည့်  သေနတ်သံများကို ဆူညံစွာကြားရပြီး အိမ်ဘေးနားကို ကျရောက် ပေါက်ကွဲသည့် ဗုံးသံလိုမျိုး ကြားခဲ့ရသည်ဟု ပြောဆိုသည်။

ဝါးခွပ်ချောင်းမှ ဒီလဝါဟူစိန် ကလည်း  "သောကြာနေ့ညကနေ စနေနေ့နံနက် ၁၁ နာရီအထိ  နယ်စပ်ရဲ့ တစ်ခြားတစ်ဖက် မြန်မာဘက်ကနေ  သေနတ်သံတွေကျယ်လောင်စွာကြားနေရတယ်" ဟု ပြောကြားခဲ့သည်။

တက်ကနက်မြို့နယ် အရာရှိ (UNO) အမ်းဒီ အာဒမ်ချော်ဒူရီက “မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နယ်စပ်ကို အဆက်မပြတ် စောင့်ကြည့်နေပါတယ်။ တစ်ဖက်မှာလည်း နယ်စက် အခြေအနေတွေကြောင့် ဘင်္ဂလာနယ်ခြားစောင့်တပ် (BGB)၊ ကမ်းခြေစောင့်တပ်တွေနဲ့ ရဲတပ်ဖွဲ့တွေက ကင်းလှည့်တာတွေ တိုးမြှင့်ထားပြီး နယ်စပ်မှာ နေထိုင်သူတွေကို သတိထားဖို့ ပြောဆိုထားပါတယ်” ဟု ပြောဆိုသည်။

တချိန်တည်တွင် တိုက်ပွဲကြောင့် မောင်တောမြို့နယ်အထဲက  မွတ်ဆလင်ဒေသခံများသည် ဘင်္ဂလားဒေ့ရှ်ကို  စိမ့်ဝင်ရန် ကြိုးစားနေကြကြောင်း၊  နတ်မြစ် နယ်နိမိတ်ကို ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းမှုအတွင်း နယ်ခြားစောင့်တပ် (BGB) နှင့် ကမ်းခြေစောင့်တပ်သားများက ဝင်ရောက် လာသူများကို မကြာသေးမီက ပြန်ပို့ခဲ့သည်ဟု ဆိုသည်။

စစ်တကောင်း အရှေ့ဇုန်ရှိ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ သတင်းမီဒီယာအရာရှိ ဒုဗိုလ်တာဆင်ရာမန်က “တစ်ဖက်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ နတ်မြစ်ကိုဖြတ်ပြီး နယ်ခြား ကျူးကျော်ဝင်ရောက်နိုင်တာကြောင့် နတ်မြစ်အတွင်း ကင်းလှည့်မှုတွေကို တိုးမြင့် လုပ်ဆောင်ထားပါတယ်။ အသစ်ဝင်ရောက်ခွင့် မပြုပါဘူး။ စိမ့်ဝင်လာသူ လူပေါင်း ၂၀၀ ကျော်ကို ကျနော်တို့ တွန်းထုတ်ခဲ့ပြီးပါပြီ” ဟု ပြောဆိုသည်။

ရက္ခိုင့်တပ်တော်(AA) ၏ ယမန်နေ့က ထုတ်ပြန်ချက်အထဲတွင် မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ “ရန်အောင်ပြင်စခန်း” အား ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ယခုဖြစ်နေ​သော တိုက်ပွဲများသည် မြောက်ဘက်ကနေ တောင်ဘက်သို့ ရွှေ့လျားလာပြီး မောင်တောမြို့နှင့် တဖြည်းဖြည်း နီးလာသည်ဟု သိရှိရသည်။


NN-30/ Ref: Dhaka Tribune

ဆက်စပ် သတင်းများ