ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ဧရာဝတီတိုင်းတွင် စစ်မှုထမ်းရန် ရွေးချယ်ခံရသည့် လူငယ် ၂ ဦး အဆိပ်သောက်ပြီးကိုယ့်ကိုကိုယ် သတ်သေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 7.1k

လူထက်နိုင်(ဒွာရာမြီ)/နိရဉ္စရာ၊ မတ် ၁၉/၂၀၂၄

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်နှင့်  ဖျာပုံမြို့နယ်တို့တွင် စစ်မှုထမ်းရန် မဲနှိုက် ရွေးချယ်ခံရသည့်  လူငယ် နှစ်ဦးသည်  အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွား ကြောင်း ဒေသခံများမှ  နိရဉ္စရာ သို့အတည်ပြုပြောဆိုသည်။

ကန်ကြီးထောင့်မြို့နယ်၊ မြတ်လေးချောင်းအုပ်စု၊ ရေတွင်းချောင်ရွာတွင် မတ် ၁၆ ရက်နေ့က စစ်မှုထမ်းရန် လူငယ်များအား မဲနှိုက်ရွေးချယ်ခဲ့ရာ မဲပေါက်သည့် အသက် ၂၀ အရွယ် လူငယ် တဦး စစ်မှုမထမ်းချင်သောကြောင့် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွား ကြောင်းသိရသည်။ 

“ဟုတ်ပါတယ်၊ကျွန်တော်တို့နဲ့တော့ နည်းနည်းဝေးတယ်။ အဆိပ်သောက်‌ပြီး ပုသိမ်ဆေးရုံကြီး မှာဆေးကုသတာခံယူပြီး ကွယ်လွန်တာလို့ သိရတယ်”ဟု ကန်ကြီးထောင့်မြို့နယ်ဒေသခံတစ်ဦးမှ ပြောသည်။

အဆိုပါ လူငယ်အား  ကန်ကြီးထောင့်ဆေးရုံသို့ပထမ ပို့ဆောင်ခဲ့ပြီး အခြေအနေ မကောင်း သောကြောင့် ပုသိမ်ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပြောင်းရွှေ့ ဆေးဝါး ကုသမှုခံယူစဉ် မတ်လ ၁၇ ညနေပိုင်းတွင် သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

အလားတူ ဖျာပုံမြို့နယ်ရှိ ကျေးရွာတရွာတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ မတ်လ ၁၆ ရက်၌  စစ်မှုထမ်းရန် ကျေးရွာထဲရှိ လူငယ်များအား မဲနှုက်ရွေးချယ်ခဲ့ရာ မဲပေါက်သွားသည့် အသက် ၁၈ အရွယ် လူငယ် တဦးအဆိပ်သောက်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွား ကြောင်းသိရသည်။

“ ဟုတ်တယ် ကလေးက သေသွားပြီ။ကျေးရွာနဲ့ လူနာမည် ကိုပြောလို့မရဘူး။ သူတို့မိသားစုလုံခြုံ ရေးက ရှိသေးတယ်။ စစ်ကောင်စီက စုံစမ်းနေတယ်၊သူတို့ကြောက် နေတယ်၊အခုတော့ လုံခြုံပါတယ်” ဟု ဖျာပုံမြို့ ဒေသခံတဦးကပြောသည်။

ထို့အတူဧရာ၀တီတိုင်း ဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကလေးအုပ်စုတွင် အသက် (၂၄)နှစ် မှ ( ၃၅ )ကြားရှိ အမျိုးသားများအား မဲနှိုက်ခဲ့ကြရာ အစုကြီးကျေးရွာနေ အမျိုး သားတစ်ဦးမဲပေါက်ခဲ့သဖြင့် အဆိပ်သောက် အဆုံးစီရင်မှု ဖြစ်ပွားခဲ့သဖြင့် ကျေးရွာအတွင်း ဆန္ဒပြမူဖြစ်ပွားခဲ့သောကြောင့် ဇရပ်လှကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များ မှသွားရောက် ထိန်းသိမ်းခဲ့ရကြောင်း ဒေသတွင်းသတင်းများ တွင်ဖော်ပြကြသော်လည်း နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ပြည်သူ့စစ်မှုထမ်း ဥပေဒအရ အသက် ၂၀ နှင့် ၃၅နှစ် အရွယ် လူငယ်အမျိုးသားများအား စစ်မှုထမ်းရန် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများမှ မဲစနစ်ဖြင့် ရွေးချယ်ချင်းအား  မတ်လ တတိယပတ်တွင် စတင်လုပ်ဆောင်နေကြောင်း ဒေသခံများကဆိုသည်။

ဓာတ်ပုံ-ပုသိမ်သား

 

ဆက်စပ် သတင်းများ