စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြန်မာစစ်ကောင်စီ ပြိုကွဲတော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်ပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 9.9k

နွေနေ/နိရဉ္စရာ၊ မတ် ၂၁/၂၀၂၄

မြန်မာစစ်ကောင်စီသည် ပြိုကွဲတော့မည့်အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ကမ္ဘာကြီး​၏ ပူးပေါင်း ပိတ်ဆို့မှု့ဖြင့် စစ်ကောင်စီ​၏ အိပ်မက်ဆိုးကို အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ​၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အင်ဒရူးက ဗုဒ္ဓဟူးနေ့တွင် ပြောကြား လိုက်သည်။

စစ်ကောင်စီတပ်အတွင်း အကျအဆုံး များနေခြင်း၊ လက်နက်ချခြင်း၊ ထွက်ပြေးခြင်း နှင့် တပ်သားသစ် စုဆောင်းရေး စိန်ခေါ်မှုများကြောင့် စစ်သည်အရေအတွက် သိသာစွာ လျော့နည်းလာနေပြီး ( existential threat) မြန်မာစစ်တပ်​၏ တည်ရှိမှုကိုပင် ခြိမ်းခြောက်လာနေပြီဟု တွမ်အင်ဒရူးက ဆိုသည်။

" မြန်မာပြည်မှာ စစ်ကောင်စီကပဲ နိုင်မယ်လို့ လောင်းထားတဲ့သူတွေ အခု ရှုံးနေပါပြီ" ဟု သူက ပြောကြားခဲ့သည်။

မြန်မာစစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရထံမှ အာဏာ သိမ်းပိုက်ခဲ့ပြီးချိန်မှစ၍ ဆယ်နှစ်ကြာ စမ်းသပ်ဒီမိုကရေစီကာလ ပြီးဆုံးသွားပြီး နိုင်ငံသည် သွေးထွက်သံယို ဖရိုဖရဲအခြေနေရောက်ရှိသွားသည်။

" ဒီနိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်ဖြစ်မှုတွေ၊ စီးပွားရေးယိုယွင်းပျက်စီးမှုတွေ နဲ့ တရားဥပဒေကင်းမဲ့မှုအားလုံးရဲ့ လက်သည်တရားခံဟာ မြန်မာစစ်ကောင်စီပဲဖြစ်တယ်။ မြန်မာစစ်ကောင်စီက အာဏာသိမ်းလိုက်လို့ ဒီအကျိုးဆက်တွေ ဖြစ်လာတာဖြစ်တယ်" အမေရိကန် လွှတ်တော်အမတ်ဟောင်း တွမ်အင်ဒရူးသည် ကုလသမဂ္ဂ​၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဖြစ်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ​၏ ထောက်ခံမှုဖြင့် ရွေးချယ်ခံထားရသော်လည်း အထူးကိုယ်စားလှယ်သည် ကုလသမဂ္ဂကို ကိုယ်စားပြုပြောဆိုခြင်းမရှိဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

တွမ်အင်ဒရူးက စစ်ကောင်စီအား အရေးယူပိတ်ဆို့ခြင်းမှာ ထိရောက်မှုရှိပြီး စစ်ကောင်စီ​၏ ယန္တယားကို ထိခိုက်စေသည်ဟု ဆိုသည်။

စင်္ကာပူနိုင်ငံသည် စစ်ကောင်စီသို့ လက်နက်အစိတ်အပိုင်းများ ရောင်းချတင်ပို့မှုကို နှိမ်နင်းခဲ့သဖြင့် ပြီးခဲ့သည့်နှစ်အတွင်း တင်ပို့မှု ၈၃% ကျဆင်းသွားသည်ဟု အင်ဒရူးက ဂျီနီဗာသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အင်ဒရူးသည် စစ်ကောင်စီ​၏ ဘဏ်လုပ်ငန်းနှင့် ငွေကြေးစီးဆင်းမှုများ ကမ္ဘာကြီးနှင့် မည်သို့ချိတ်ဆက်ထားသည်ကို လေ့လာစုံစမ်းနေပြီး ယခုနှစ်ကုန်တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်နိုင်လိမ့်မည်ဟု ဆိုသည်။

ကမ္ဘာကြီး​၏ အာရုံစူးစိုက်မှုသည် မြန်မာနိုင်ငံထက် အခြားကမ္ဘာ့ပဋိပက္ခအရေးများအပေါ် ပို၍ အလေးပေးနေမှုကိုလည်း အင်ဒရူးက ဝေဖန်ထောက်ပြခဲ့သည်။

" စစ်အာဏာရှင်တွေဟာ မှိုတွေလိုပဲ။ သူတို့တွေဟာ အမှောင်ထဲမှာပဲ ရှင်သန်ကြီးထွားကြတယ်။ အရေးအကြီးဆုံးက မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလေးစားတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့ပါ။ မြန်မာပြည်ထဲက ပြည်သူတွေကို ပိုမိုထောက်ခံအားပေးဖို့ နိုင်ငံတကာအသိုက်အဝန်း လိုအပ်ပါတယ်။ ဒီလို လုပ်နိုင်ရင် စစ်ကောင်စီရဲ့ အိပ်မက်ဆိုးကိုလည်း ကျနော်တို့ အဆုံးသတ်နိုင်ပါလိမ့်မယ်" ဟု တွမ်အင်ဒရူးက ပြောကြားခဲ့သည်။

Source: AFP/ CAN

ဆက်စပ် သတင်းများ