စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ရှမ်းပြည်တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲ၍ အရပ်သားနှစ်ဦးသေဆုံးပြီး ဆေးရုံများထိခိုက်ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 384

လူထက်နိုင်(ဒွာရာမြီ)/နိရဉ္စရာ ၊ မတ် ၂၃ / ၂၀၂၄

ရှမ်းပြည်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာဆေးရုံအား စစ်ကောင်စီ အကြမ်းဖက်လေတပ်မှ  ဗုံးကြဲချ၍ အရပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

လအိကျေးရွာဆေးရုံအား စစ်ကောင်စီမှ မတ်လ ၂၂ရက်တွင် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကြဲချခဲ့၍ အရပ်သား၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများတွင်ဖော်ပြထားကြသည်။

နံနက် ၁၀ နာရီ ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော   Y-12 ထောက်ပို့/ဗုံးကြဲလေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖယ်ခုံအနောက်ဖက်တွင်ရှိသော လအိဆေးရုံသည် စစ်ရှောင်များနှင့် ဒေသခံလူထုအား ဆေးကုပေး နေသောဆေးရုံဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် မတ် ၁၉ ရက်နေ့ကစပြီး ရှမ်းပြည်တောင်ပိုင်း PDF၊ KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

၎င်းအပြင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ အင်းလေးဒေသ၊ နန်းတုတ်ကျေးရွာကို စစ်ကောင်စီမှ  လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့၍ နေအိမ် ၅ လုံးနှင့် ကျေးလက်ပေးခန်းတစ်ခု ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) မှ မတ် ၂၃ တွင်ထုတ်ပြန်ထားသည်။


မတ်လ ၂၂ ရက် နေ့ည ၁၂ နာရီအချိန်တွင် စစ်ကောင်စီက နန်းတုတ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကို ည ၁၁ နာရီ ၅၂ မိနစ်တွင်တွင် တစ်ကြိမ်၊ ၁၁ နာရီ ၅၈ မိနစ်တွင် တစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နန်းတုတ်ကျေးရွာသည် အင်းလေးဒေသနှင့် ဖယ်ခုံမြို့နယ်အစပ်၊ ဘီလူးချောင်း အရှေ့ဘက်၌ တည်ရှိပြီး အင်းလူမျိုးအများစု နေထိုင်သည့် ကျေးရွာ တစ်ရွာဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် မတ် ၂၀ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု ထီရီးကျေးရွာအနီးတွင် လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းလည်သိရသည်။

ဆီဆိုင်မြို့တွင်လည်း စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ မတ် ၂၀ရက်နေ့ညတွင် လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးပေါင်း ၁၀၀ ထက်မနည်းကြဲ ချတိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) မှထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ရရှိရန်ကြိုးစားနေသည့် ဆောင်းပြောင်းရွာ အခြေစိုက် စစ်ကောင်စီတပ်စခန်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့အနီးတွင်ရှိပြီး မတ် ၁၈ ရက်နေ့က အဆိုပါစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ဓာတ်ပုံ- PNLA

ဆက်စပ် သတင်းများ