စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တော်လှန်ရေး တပ်ဖွဲ့များသိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 589

လူထက်နိုင်(ဒွာရာမြီ)၊ နိရဉ္စရာ ၊ မတ် ၂၃ / ၂၀၂၄

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဆက်သွယ်ရေး တာဝါတိုင်တောင်ကုန်း စခန်းအား တော်လှန်ရေး တပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပကဖ (Flying Starr Force) မှ မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၎င်းစခန်းသည် ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်နှင့် ဘန်ဂလောကျေးရွာ အနောက်ဘက်ရှိ စကစ၏ မိုက်ကလိုဝေ့တာဝါတိုင်တောင်ကုန်းစခန်းဖြစ်သည်။

မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် KTLAနှင့် Flying Star Force ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ၎င်းစခန်းအား စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲသည် လေးနာရီကျော်ခန့် အပြန်လှန်ရင်ဆိုင်ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင်း ဆင်နှစ်ကောင်ဘုန်းကြီးကျောင်း တောင်ပေါ်တွင် အခြေစိုက်ထားသော စကစတပ်ဖွဲ့များနှင့် လေညှာ-မဏ္ဍိုင် တံတားကြီးဂိတ်စခန်းမှ စကစတပ်ဖွဲ့များမှလည်း 80mm/120mmလက်နက်ကြီးများ အဆက်မပြတ်ပစ်ကူပေးနေသည့်ကြားမှာပင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့သည်ဟုဆိုသည်။


တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ တစ်ဦးသဆုံးပြီး အများပြား ထိခိုက်ဒဏ်ရာရရှိကာ စခန်း စွန့်ထွက်ပြေးသွားသဖြင့်လက်နက် ခဲယမ်းပစ္စည်းပေါင်း ၁၇ မျိုး သိမ်းပိုက်ရရှိခဲ့ပြီး တော်လှန်ရေး အင်အားစုများဘက်မှ အထိခိုက်မရှိ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံ တနှံတလျား အရှေ့အနောက် တောင်မြောက် ဘက်ပေါင်းစုံ နေရာများတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ခံနေရပြီး တိုက်ပွဲတိုင်းတွင် အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။ ဓာတ်ပုံ- Flying Star Force

ဆက်စပ် သတင်းများ