အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

မြန်မာဒုက္ခသည်များအတွက် ထိုင်းနိုင်ငံ၏ လူသားချင်းစာနာ‌မှု အကူအညီများ စတင်လွှဲပြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 308

လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ ၊ မတ် ၂၅ / ၂၀၂၄

မြန်မာဒုက္ခသည်များအတွက် ထိုင်းနိုင်ငံ၏ လူသားချင်းစာနာ‌မှု အကူအညီများအား တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှတဆင့် ကရင်ပြည်နယ်၊ မြဝတီမြို့သို့  မတ်လ ၂၅ ရက်နေ့တွင် အခမ်းအနားပြုလုပ်ပြီး လွှဲပြောင်းပေးလိုက်ကြောင်း  ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ မြန်မာနိုင်ငံသားများအတွက် လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးရန်အတွက် ထိုင်းကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) ၊တာ့ခ်ခရိုင် မဲဆောက်မြို့ ထိုင်းဘက်ခြမ်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား ပြုလုပ်ခဲ့ကြောင်းလည်း  ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာဒုက္ခသည် နှစ်သောင်းကိုပေးအပ်မည့် ကယ်ဆယ်ရေးအိတ်၊ ဆန်၊ အစာခြောက်နှင့် တခြားထောက်ပံ့ရေးပစ္စည်းများအား  လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံကြက်ခြေနီအဖွဲ့များမှ တဆင့် ဖြန့်ချိဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအစဉ်အား အာဆီယံလူသားချင်းစာနာမှုအကူအညီပေးညှိနှိုင်းရေးရုံး (AHA Centre) အကြီးအကဲများမှ ကြီးကြပ်ပေးခဲ့ကြောင်းသိရသည်။

ထို့အပြင် ထိုင်းအစိုးရ၏“လူသားချင်းစာနာမှုဆိုင်ရာရှေ့ပြေးအစီအစဉ်” မှတဆင့် အထူးသဖြင့် ထိုင်း - မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ အကူအညီလိုအပ်နေသူများအတွက် အကူအညီ‌များ ထပ်မံတိုးမြှင့်ပေးနိုင်မည့် နည်းလမ်းများအားလည်း သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ထိုင်းနိုင်ငံ၏ ကူညီထောက်ပံ့မှုမစတင်ခင်ကတည်း ကပင်  ထိုင်းအစိုးရသည် သက်ဆိုင်သူ အားလုံးနှင့် ထိတွေ့ဆက်ဆံမှုမရှိသောကြောင့်  ထိရောက်မှုမရှိနိုင်ဟု ဝေဖန်မှုများရှိခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာပြည်သူများအား ကူညီလိုပါက သက်ဆိုင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အရပ်ဖက်အဖွဲ့များ အားလုံးနှင့် ထိတွေ့ဆက်ဆံ စကားပြောရန် လိုအပ်ပြီး မြန်မာနိုင်ငံ၏ ကြက်ခြေနီ အသင်းအား အားလုံး လွှဲပေးလိုက်ခြင်းမျိုး မလုပ်သင့်ဟု ပြောဆိုမှုများလည်းရှိခဲ့သည်။

ထိုသို့ ထိုင်နိုင်ငံ၏ အထောက်အပံ့အကူအညီနှင့်ပတ်သက်၍ စစ်ကောင်စီဖက်နှင့်ပူးပေါင်း ဆောင်ရွက်ရသောကြောင့်  အမှန်အကန် စစ်ဘေးရှောင်များထံ ရောက်မရောက် စောင့်ကြည့်ရမည်ဟု မြန်မာ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှဝေဖန်မှုများရှိနေကြောင်းသိရသည်။

ဓာတ်ပုံ- Ministry of Foreign Affairs of the Kingdom of Thailand

ဆက်စပ် သတင်းများ