သောကြာ၊ မေလ ၂၄ရက်၊ ၂၀၂၄

မြန်မာများ ဝယ်ယူမှု များပြားလာသဖြင့် ဘန်ကောက်မြို့လယ်ရှိ ကွန်ဒိုတိုက်ခန်းများ စျေးနှုန်းနှစ်ဆကျော် မြင့်တက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 936

နွေနေ၊ နိရဉ္စရာ (ဘာသာပြန်သတင်း) မတ် ၂၈/၂၀၂၄

မြန်မာနိုင်ငံမှ ငွေကြေးတတ်နိုင်သော လူချမ်းသာများက ဝယ်ယူမှု များပြားလာနေသဖြင့် ဘန်ကောက် မြို့လယ်ရှိ ယခင်က ဘတ် ၂ သန်းမှ ၄ သန်းအတွင်းသာရှိသော ကွန်ဒိုမီနီယံ တိုက်ခန်းစျေးနှုန်းများမှာ ယခုအခါ နှစ်ဆကျော် မြင့်တက်သွားပြီဟု ထိုင်းအိမ်ခြံမြေကုမ္ပဏီ Sen X က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၌ ဖြစ်ပွါးနေသော ပြည်တွင်းစစ်ကြောင့် ချမ်းသာသော မြန်မာများသည် ထိုင်းနိုင်ငံတွင် လာရောက်ခိုလှုံမှု များပြားလာသည်ဟု ထိုင်းအိမ်ခြံမြေကုမ္ပဏီ Sen X ၏ အမှုဆောင်အရာရှိ ဆူဖင် မီချူချပ်က မတ်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ဆူဖင် မီချူချပ်က မြန်မာနိုင်ငံသားအများအပြားသည် ရမ်ခမ်ဟမ်( Ramhkhamhaeng ) နှင့် ဘန်းန (Bang Na) နယ်မြေရှိ ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူလျှက်ရှိကြကြောင်း၊ ၄င်းတို့၏ သားသမီးများသည် အဆိုပါနယ်မြေရှိ Ramkhamhaeng တက္ကသိုလ် နှင့် Assumption တက္ကသိုလ်များတွင် ကျောင်းတက် နေကြကြောင်း ပြောကြားခဲ့သည်။


ကိုဗစ်-၁၉ ရောဂါကပ်ဘေး မကျရောက်မီက ထိုင်းနိုင်ငံ၏ ကွန်ဒိုတိုက်ခန်းများကို တရုတ်၊ထိုင်ဝမ်နှင့် ဟောင်ကောင်တို့က အများဆုံး ဝယ်ယူခဲ့ကြသော်လည်း ပြီးခဲ့သည့်နှစ်မှစ၍ မြန်မာက ဝယ်လိုအားများလပြီး သည် ထိပ်ဆုံး သုံးနိုင်ငံစာရင်းဝင် ဖြစ်လာသည်။

“ ကိုဗစ်-၁၉ မတိုင်ခင်နဲ့ ကိုဗစ်-၁၉ ဖြစ်ပွါးနေတဲ့ကာလတွေတုန်းက တရုတ်၊ ထိုင်ဝမ် နဲ့ ဟောင်ကောင်က ထိုင်းမှာ ကွန်ဒိုအများဆုံး ဝယ်တဲ့နိုင်ငံတွေ ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က စပြီး မြန်မာတွေရဲ့ ဝယ်လိုအား အရမ်းများလာပြီး ထိပ်ဆုံး သုံးနိုင်ငံထဲ ရောက်လာတယ်” ဟု သူကပြောသည်။

ဆူပင်က ယခုကဲ့သို့ ဝယ်လိုအား တက်လာသည့်အတွက် ထိုင်းအိမ်ခြံမြေဆောက်လုပ်ရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ ထိုင်းအိမ်ခြံမြေလုပ်ငန်းများမှာ ထိုင်းလူမျိုးများ၏ ဝယ်လိုအား ကျဆင်းနေမှုကြောင့် အခက်ကြုံနေရကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်မှုသည် ယခုနှစ်ကုန်အထိ ပြီးဆုံးသွားဖွယ်မရှိဟု လည်း သူက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံး တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေး ရှုံးနိမ့်မှုနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ရုတ်တရက်အတည်ပြုပြီး စစ်သားစုဆောင်းမှုများ ပြုလုပ်လာသဖြင့် လူငယ်အများအပြား ပြည်ပသို့ ထွက်ပြေးခိုလှုံမှုများ ဖြစ်ပေါ်လာခဲ့သည်။

ပြီးခဲ့သည့် အပတ်အတွင်း ထိုင်းနိုင်ငံနယ်စပ် တက်ခရိုင်တွင် စစ်မှုမထမ်းလိုသဖြင့် မြန်မာဘက်မှ ထွက်ပြေးလာသော လူငယ်အများအပြားကို ဖမ်းဆီးရမိခဲ့သည်။ ref: The Nation

ဆက်စပ် သတင်းများ