တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ၊ ရာယောင်းပြည်နယ် သံမဏိစက်ရုံဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ကရိန်းပြိုကျရာ မြန်မာအလုပ်သမား ငါးဦးသေဆုံးပြီး အများအပြားဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 736

နွေနေ၊ နိရဉ္စရာ မတ် ၂၉/၂၀၂၄ (နိုင်ငံတကာ)

ထိုင်းနိုင်ငံ၊ ရာယောင်းပြည်နယ်၊ ပလောက်ဒန်ရှိ တရုတ်ကုမ္ပဏီပိုင် သံမဏိစက်ရုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မတ်လ ၂၉ ရက် ညနေပိုင်းက ကရိန်းပြိုကျမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး အလုပ်သမား ခြောက်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်ဟု သိရှိရသည်။

သေဆုံးသူများအနက် ငါးဦးမှာ မြန်မာအလုပ်သမားများဖြစ်သည်ဟု သိရှိရပြီး အလုပ်သမားများက သေဆုံးသူများ​၏ ရုပ်အလောင်းကို အရေးပေါ် ကယ်ဆယ်ရေးယာဉ်များအား သယ်ယူခွင့်မပြုဘဲ ဝိုင်းဝန်းတားဆီးဆန္ဒပြခဲ့သည်ဟု people spring ဖေ့စ်ဘွတ်တွင် ဖော်ပြထားသည်။

တာဆစ်ရွာတွင် တည်ရှိသော အထပ်ခြောက်ထပ်ပါ ဆင်ကာယွမ် သံမဏိစက်ရုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ညနေ ၄:၃၀ နာရီတွင် ကရိန်းပြိုကျမှု ဖြစ်ပွားခဲ့ပြီး အလုပ်သမား ခုနစ်ဦး သေဆုံးကာ ၂၀ ဦး ဒဏ်ရာရသည်ဟု အခြားသော သတင်းများတွင် ဖော်ပြသည်။

ဘန်ကောက်ပို့စ်သတင်း​၏ ဖော်ပြချက်အရ ရွှေ့ပြောင်းအလုပ်သမားများက အရေးပေါ် လူနာတင် ကားများအား သေဆုံးသူများ​၏ အလောင်းကို သယ်ယူခွင့်မပြုဘဲ ကုမ္ပဏီပိုင်ရှင်အား သေဆုံးသူများ​၏ မိသားစုကို လျော်ကြေးငွေ ဘတ် ၅ သန်း တောင်းခံခဲ့ကြသည်ဟု ဆိုသည်။

ထိုင်းရဲများက သေဆုံးသူများ​၏ အလောင်းကို သယ်ယူရန်နှင့် ဒဏ်ရာရသူများကို ဆေးရုံတင်ပို့ရန် ဆန္ဒပြ ရွှေ့ပြောင်းအလုပ်သမားများနှင့် ညှိနှိုင်းပေးခဲ့ရသည်ဟု သိရသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမား ၃၀၀၀ ကျော် အလုပ်လုပ်လျှက်ရှိသည်ဟု သိရှိရသည်။ ref: Bangkok Post

ဆက်စပ် သတင်းများ