စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

စိန်လုံဗျူဟာစခန်းအား KIA အပြီးသတ်သိမ်းပိုက်ပြီး စစ်ကောင်စီစခန်းပေါင်း ၆၀ ကျော်သိမ်းပိုက်ထားဟု ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 709

လူထက်နိုင်(ဒွာရာမြီ)၊ နိရဉ္စရာ၊ ဧပြီ ၁/ ၂၀၂၄

ကချင်ပြည်နယ်၊ မိုးမောက် - လွယ်ဂျယ်လမ်းပိုင်းရှိ စိန်လုံဗျူဟာစခန်းအား ကချင်လွတ်မြောက်ရေးတပ် KIA  မှ အပြီးသတ်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်စခန်းပေါင်း ၆၀ ကျော်သိမ်း ပိုက်ထားပြီဖြစ်ကြောင်း  KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ မှ နိရဉ္စရာ သတင်းဌာနအား အတည်ပြုသည်။

“ စိန်လုံ တပ်စခန်းကို သိမ်းလိုက်တယ်ဆိုတာကတော့မှန်ပါတယ်၊ပြောလို့ရပါတယ် မြေပြင်အခြေအနေကို တော့သိပ်မသိသေးပါဘူး၊မြစ်ကြီးနား-ဗန်းမော်ကား လမ်းတကြောမှာ ကျွန်တော်တို့သိမ်း ပိုက်ထား တာ စခန်း ၆၀ ကျော်ရှိပါပြီ ခင်ဗျာ” ဟု ဗိုလ်မှူးကြီးနော်ဘူ မှပြောသည်။

စိန်လုံဗျူဟာစခန်းအား ဧပြီ ၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် KIA နှင့် ပူးပေါင်းတပ်များမှ အပြီးသတ်သိမ်းပိုက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မိုးမောက် - လွယ်ဂျယ်လမ်းပိုင်းရှိ စိန်လုံစခန်းကြီး၏ ကာကင်းစခန်းများအား ပထမတိုက်ခိုက် သိမ်းပိုက်ပြီးနောက်  စိန်လုံစခန်းကြီးကိုထပ်မံ တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်ပိုင်း တွင်သိမ်းပိုက်နိုင်ခြင်း ဖြစ်ကြောင်းသိရသည်။

တရုတ်မြန်မာနယ်စပ်မြို့ ဖြစ်သည် လွယ်ဂျယ်မြို့နှင့် မိုးမောက်မြို့ကြားရှိ စစ်ကောင်စီတပ်စခန်းများ အား မတ်လ ၂၇ ရက်နေ့မှစတင်ကာ KIA ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ကချင်တွင်စစ်ကောင်စီ စခန်းပေါင်း (၆၀) ကျော်အား သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း  သိရသည်။

အဆိုပါ သိမ်းပိုက်ရရှိသော စခန်းများတွင် စိန်လုံစခန်းနှင့် ယောယုံစခန်းသည် စစ်ကောင်စီ၏ ဗျူဟာမှူးများထိုင်သည့် စခန်းကြီးများဖြစ်ပြီးလက်နက်ခဲယမ်း၊ ရိက္ခာများကိုလည်း သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-The Kachin Net


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!